Warmly Welcome Everyone!

A Warm Welcome to Everyone! All of you are cordially invited to come and visit my blog-spot at http://monbuddhistandworldwide.blogspot.com. I look forward to your comments and hope that you can give me some heart-warming advice. May you all be well and happy! Thanks a million. Nai-Pune

Wednesday, May 16, 2012

မေတ္တာအကြောင်း ပြောကြရာဝယ် ........

by လင်္ကာ အရှင် on Saturday, May 12, 2012 at 8:48am ·



*မေတ္တာဆိုတာ ဘာကိုခေါ်တယ်*


(၁)မေဇ္ဇတီတိ မေတ္တာ၊ သိနိယှတီတိ အတ္ထော။  ဆိုတဲ့အဖွင့်အရ  အစီးအပွါးကို ပြုလို သော အားဖြင့် (ဝါ-ချမ်းသာစေလိုသောအားဖြင့်) ချစ်တတ်သောကြောင့် မေတ္တာ လို့ဆိုပါတယ်။

(၂)မိတ္တေ ဝါ ဘဝါ၊ ဆိုတဲ့အဖွင့်အရ  မိတ္တခေါ် မိတ်ဆွေ၌ ဖြစ်သောကြောင့် မေတ္တာလို့လည်းခေါ်နိုင်ပါတယ်၊

(၃)မိတ္တဿ ဝါ ဧသာ ပဝတ္တီတိပိ မေတ္တာ ဆိုတဲ့အဖွင့်အရ ချမ်းသာစေလိုခြင်း သဘောသည် မိတ္တခေါ် မိတ်ဆွေ၏ (သန္တာန်၌) ဖြစ်ခြင်း သဘောပေတည်း၊ ဒီမိတ်ဆွေတို့ စိတ်နှလုံးမှာဖြစ်ပေါ်လာတဲ့ အကျိုးလိုလားတဲ့သဘောကလေးကို မေတ္တာကို ခေါ်ရတာဖြစ်ပါတယ်။
    
 “မေတ္တာ” ဟူသော အမည်နာမဖြင့် စေတသိက် သီးခြား မရှိပါဘူး ။ အဒေါသ-စေတသိက် ကိုပင် သတ္တ၀ါများ၏ စီးပွားချမ်းသာ လိုလားချစ်ခင်ရာ၌ “မေတ္တာ” ဟုခေါ်ဝေါ်ထားတာ ဖြစ်ပါတယ် ၊ ဒါပေမယ့် အဒေါသ စေတသိက်တိုင်း မေတ္တာလို့ မမည်ပြန်ဘူး။ သီလ ဆောက်တည်တဲ့အခါမှာရော အဒေါသ စေတသိက် ပါပဲ။ ဒါနပြုတဲ့အခိုက်မှာလဲ အဒေါသ စေတသိက်ပါပဲ။ မိမိရဲ့ စိတ်အာရုံမှာ သတ္တ၀ါတွေအပေါ်ကို မှန်းပြီးတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေ လို့ ပွားနေတဲ့အခိုက်မှာ ဖြစ်တဲ့ အဒေါသ စေတသိက်ကိုသာ မေတ္တာလို့ ခေါ်ပါတယ်။
         
      ဒီတော့ ဆရာတော်ဦးဇောတိကရဲ့  မိမိကိုယ်ကို စိတ်ဓာတ်နဲ့အသိညာဏ်တွေ ရင့်ကျက်အောင်လုပ်နေပြီး သူတစ်ပါးတို့အားလည်းလုပ်ပေးနေခြင်းသည် မေတ္တာဖြစ်၏ ဆိုတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ
   သူတစ်ပါးတို့အားလည်း(စိတ်ဓာတ်နဲ့အသိညာဏ်တွေ ရင့်ကျက်အောင်)လုပ်ပေးတာကတော့ မေတ္တာ ကာယကံ ၊၀စီကံထဲမှာပါဝင်ပါတယ်၊ ဒါပေမယ့်
   မိမိကိုယ်ကို စိတ်ဓာတ်နဲ့အသိညာဏ်တွေ ရင့်ကျက်အောင်လုပ်နေတာဟာ မေတ္တာဖြစ်တယ်ဆိုတဲ့ အဆိုပြုချက်က မူရင်းအဖွင့်အဓိပ္ပါယ်တွေနဲ့ အလှမ်းဝေးလွန်းတယ်လို့ သုံးးသပ်မိပါတယ် ၊

      မိမိကိုယ်ကို စိတ်ဓာတ်နဲ့ အသိညာဏ်တွေ ရင့်ကျက်အောင်လုပ်နေခြင်းသည် မေတ္တာတရားပင်လော  ?

      ဒါကိုနားလည်ဖို့ မေတ္တာ၏ သဘောသဘာဝ ၊ကိစ္စ အာရုံပြုရာ ၊ မူရင်းအကြောင်းတို့ကို နားလည်ဖို့လိုပါလိမ့်မယ်။
မေတ္တာသည် သတ္တဝါတို့၏ အကျိုးစီးပွါးကို ပြုကျင့်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာ၊ သတ္တဝါတို့အား အကျိုးစီးပွါးကို ဆောင်ပေခြင်းကိစ္စ ၊ ရန်ငြိုးအမျက်ဒေါသကို ပယ်ဖျောက်သည့် အနေအားဖြင့် ရှုဆင်ခြင်သူ၏ ဉာဏ်အား ရှေးရှုထင် (သော ပစ္စုပဋ္ဌာနှ်ိ)၊ သတ္တဝါ တို့၏ နှစ်သက်မြတ်နိုးဖွယ်အဖြစ်ကို ရှုခြင်း (ဟူသော ယောနိသောမနသိကာရ)လျှင် နီးသောအကြောင်း (ပဒဋ္ဌာန်) ရှိပါတယ် ဒီတော့ မိမိ၏ ၀ိပဿနာညာဏ် မဂ်ညာဏ် ဖိုလ်ညာဏ်စတဲ့ အထက်အထက်ညာဏ်များတိုးပွားကြောင်း ကမ္မဋ္ဌာန်းတရားအားထုတ်နေခြင်းသည် မိမိကိုယ်ကို စိတိဓာတ်နဲ့ အသိညာဏ်တွေ ရင့်ကျက်အောင်လုပ်နေခြင်းဖြစ်ပေမယ့် မေတ္တာပွားနေတာမဟုတ်ပါဘူး၊
  ဒီတော့  “မိမိကိုယ်ကို စိတ်ဓာတ်နဲ့ အသိညာဏ်တွေ ရင့်ကျက်အောင်လုပ်နေခြင်းသည် မေတ္တာဖြစ်တယ်”ဆိုတာလည်း လက်ခံနိုင်ဖွယ်မရှိပါဘူး ။ 


*အဒေါသစေတသိက်နှင့် ယှဉ်ဖက်တရားများ* ကာမာဝစရသောဘနစိတ် ၂၄ ပါး၊ ရူပါဝစရစိတ် ၁၅ ပါး၊ အရူပါဝစရစိတ် ၁၂ ပါး၊ လောကုတ္တရာစိတ် အကျဉ်း ၈ ပါး/အကျယ် ၄၀ = စုစုပေါင်း သောဘနစိတ် အကျဉ်း ၅၉ ပါး၊ အကျယ် ၉၁ ပါးတို့နှင့် ယှဉ်ပါတယ်။
 
မေတ္တာနှင့် အဒေါသမတူပြန်ပါဘူး

ဒါပေမယ့် မေတ္တာဆိုတာက  သတ္တ၀ါဆိုတဲ့ ပညတ်ကိုသာ အာရုံပြုပြီးဖြစ်ပေါ်လာတဲ့  သောမနဿဝေဒနာ နဲ့ယှဉ်တဲ့ အဒေါသစေတသိက်၊ ၀မ်းမြောက်မှုသဘောစင်စစ်ဖြစ်၍ သောမနဿဝေဒနာနှင့်သာအတူတကွဖြစ်တာပါ၊ ဒါ့ကြောင့် ဥပေက္ခာဖြစ်တဲ့ အရူပဈာန်စိတ်နဲ့ နိဗ္ဗာန်ကိုအာရုံပြုတဲ့ လောကုတ္တရာတို့မှာလည်း မဖြစ်နိုင်ပါဘူး။

     ဒီတော့ မေတ္တာနှင့် ယှဉ်နိုင်တာက မဟာကုသိုလ်သောမနဿ ၄-ပါး၊ မဟာဝိပါက်သောမနဿ ၄-ပါး မဟာကြိယာ သောမနဿလေးပါ ၊ရူပါဝစရ ကုသိုလ်သောမနဿ ၄-ပါး ၊ ရူပါဝစရ၀ိပါက်သောမနဿ ၄-ပါး ရူပါဝစရကြိယာ သောမနဿလေးပါး အားဖြင့် ၂၄-ပါးသောစိတ်တို့မှာသာဖြစ်နိုင်တယ်လို့ မှတ်ရမှာပါ ။
ဒီတော့ မေတ္တာဆိုတာ သတ္တ၀ါပညတ်ကိုအာရုံပြုတဲ့ အဒေါသစေတသိက်ဖြစ်ပြီး အခြားသောအဒေါသစေတသိက်တို့ နှင့်လည်း ယှဉ်ပုံဖြစ်ပုံထူးခြားလှပါတယ်။

မေတ္တာသည် ပညာပါမှ ဖြစ်သည် မဟုတ်ချေ

မေတ္တာသည်  မဟာကုသိုလ်ညာဏ၀ိပ္ပယုတ်သောမနဿ ၂-ပါး၊ မဟာဝိပါက်ညာဏ၀ိပ္ပယုတ်သောမနဿ ၂-ပါး ၊ ၊ မဟာကြိယာ ညာဏ၀ိပ္ပယုတ် သောမနဿ ၂-ပါးတို့မှာလည်း ယှဉ်တွဲဖြစ်ပေါ်နိုင်ပါတယ်၊
 ဒီတော့ “မေတ္တာဟာ ညာဏ်နဲ့ယှဉ်တယ်” ဆိုတဲ့စကားဟာ အပြည့်အ၀မမှန်ကန်ဘူးဆိုတာ သဘောပေါက်ရမှာပါ ၊ ဥပမာ အမေရိကန်နိုင်ငံက လူဖြူတစ်ယောက်ကိုမြင်လိုက်ရတာနဲ့ “အမေရိကန်နိုင်ငံသားမှန်ရင် လူဖြူတွေသာဖြစ်တယ်”လို့ကောက်ချက်ဆွဲခဲ့ရင် အမေရိကန်မှာရှိတဲ့လူမည်းတွေကို အမေရိကန်လူမျိုးမဟုတ်လို့ ဆိုရာရောက်သွားပါလိမ့်မယ်။
တစိတ်တဒေသမျှ တူညီနေရုံနှင့် လုံးဝမှန်ကန်တဲ့အမြင်လို့ ပြောဆိုလို့မရနိုင်ပါဘူး ၊
  “ အချို့သောမေတ္တာဟာ ညာဏ်နဲ့ယှဉ်တယ်”လို့ ပြင်ဆင်သုံးစွဲတာက ပိုသင့်မြတ်မှန်ကန်ပါလိမ့်မယ်။


  မေတ္တာသည် မည်သည့်ခံစားမှုမျိုးနည်း  

မဟာကုသိုလ်သောမနဿ လေးပါး ၊ မဟာဝိပါက်သောမနဿလေးပါး ၊မဟာကြိယာသောမနဿလေးပါ၊ ၊ရူပကုသိုလ်သောမနဿလေးပါး ၊ရူပ၀ိပါက်သောမနဿလေးပါး ၊ရူပကြိယာသောမနဿလေးပါးနှင့်  အတူတကွဖြစ်နိုင်ပါတယ်၊
   ဒီတော့ “မေတ္တာဟာ မြင့်မြတ်လာတဲ့အခါ ခံစားမှုမပါတော့ “ဆိုတဲ့စကားဟာ လုံးဝမှားယွင်းတဲ့ ဒဿနတခုသာဖြစ်ပါတယ်၊ ဝေဒနာနဲ့မယှဉ်တဲ့ အဒေါသစေတသိက်ဆိုတာ လုံးဝမဖြစ်နိုင်မရှိနိုင်ပါဘူး၊စိတ်ဖြစ်တိုင်းယှဉ်တွဲဖြစ်ပေါ်တဲ့ ဝေဒနာဆိုတဲ့ သဗ္ဗစိတ္တသာဓာရဏစေတသိက်သာမဖြစ်ရင် မည်သည့်စိတ်မျှ မည်သည့်စေတသိက်မျှလည်းဖြစ်နိုင်တော့မည်မဟုတ်ပါ။
  မေတ္တာ သုံးမျိုးသုံးစား
   မေတ္တာကို ကာယကံမေတ္တာ ၊၀စီကံ မေတ္တာ ၊မနောကံမေတ္တာ ဆိုပြီး သုံးမျိုးသုံးစား ခွဲခြားနိုင်ပါတယ် ၊ တစ်ပါးသူတွေစိတ်ချမ်းသာစေမယ့် အပြုအမူ ၊ အပြောအဆို နဲ့ မညှင်းဆဲလိုတဲ့ စိတ်ထားကိုဆိုလိုတာဖြစ်ပါတယ် ၊
    ဒီတော့ “မေတ္တာဆိုတာ သူတစ်ပါးကို စိတ်ချမ်းသာအောင်လုပ်ပေးတာမဟုတ်ဘူး “ ဆိုတဲ့ ဖွင့်ဆိုချက်ကိုလည်း စဉ်းစားသုံးသပ်ပြီးမှ ဟုတ်မဟုတ် မှန်မှန် ဆုံးဖြတ်လက်ခံကြဖို့ လိုပါလိမ့်မယ်။

No comments:

Post a Comment