Warmly Welcome Everyone!
A Warm Welcome to Everyone! All of you are cordially invited to come and visit my blog-spot at http://monbuddhistandworldwide.blogspot.com. I look forward to your comments and hope that you can give me some heart-warming advice. May you all be well and happy! Thanks a million. Nai-Pune
KNOWLEDGE
သင်္ကန်းစွန်းကိုဆွဲ၍လိုက်သော်လဲ……(၁)
by လင်္ကာ အရှင် on Thursday, May 10, 2012 at 8:37pm ·
       မြတ်ဗုဒ္ဓ၏ပထမ၀ါတော်(၂၀)အတွင်း၌ အရှင်နာဂသမလ၊ အရှင်နာဂိတ၊ အရှင်ဥပ၀ါဏ၊ အရှင်သုနက္ခတ၊္တ အရှင်စုန္ဒသမဏုဒ္ဒေသ၊ အရှင်သာဂတ၊ အရှင်မေဃိယ၊ အရှင်အာနန္ဒာတို့က ထိုက်သည့်အားလျော်စွာ လုပ်ကျွေးပြုစုခဲ့ကြပါတယ် ၊
    ယင်းအလုပ်အကျွေးရဟန်းတော်တို့တွင်  နာဂသမာလမထေရ်သည်  ဘုရားရှင်သပိတ်ကိုပိုက်၍ နောက်တော်ပါးကလိုက်ခဲ့ရင်း လမ်းဆုံ တစ်ခုအရောက်မှာ ဘုရားရှင်နှင့် အခြားတစ်ပါးသောလမ်းဖြင့် သွားလို၏။ ဘုရားရှင်က ဒီဘက်လမ်းကလာပါ အတူတူ သွားကြပါစို့ဟု မိန့်တော်မူခဲ့သော်လည်း မနာယူခဲ့ပေ။ ထို့ထက်ဆိုးဝါးသောအပြုအမူကား “အရှင်ဘုရား၏ သပိတ်သင်္ကန်းကို လာယူပါ”ဟု ပြောဆိုပြီး မြေကြီးပေါ်သို့ ချပစ်ထားခဲ့ရန် အားထုတ်လေ၏။ ဘုရားရှင်က ဒီလိုဆို ယူလာခဲ့ပါဟု နာဂသမလကို  မိန့်တော်မူခဲ့ရပါတယ်။
     နောက်တဖန်  မေဃိယမထေရ်က ဘုရားရှင်ကို ပြုစုလုပ်ကျွေးခဲ့ပြန်ရာ  တစ်နေ့ဆွမ်းခံအပြန်မှာ  မြစ်ဘေးတွင်ရှိသော သာယာလှပပြီး အရိပ်အာဝါသကောင်းသည့် သရက်ဥယျာဉ်ကို မြင်ရာမှ  တရားအားထုတ်ချင်စိတ် ပေါ်ခဲ့ပြီး ကျောင်းရောက်သော အခါ “အရှင်ဘုရား သပိတ်သင်္ကန်းကို ယူပါ တပည့်တော် တရားအားထုတ်ပါရစေ”ဟု ပြောဆိုပြီး ဘုရားရှင်က မေဃိယ၏ ညာဏ်ပညာမရင့်ကျက်သေး၍ တရားမရနိုင်သေးကြောင်းသိမြင်တော်မူ၍ သုံးကြိမ်တိုင်တိုင် တားမြစ်တော်မူခဲ့ပါသော်လည်း ဘုရားရှင်၏ စကားကို မလိုက်နာပဲ “အရှင်ဘုရားတို့မှာက ပြုဖွယ်ကိစ္စပြီးပါပြီဘုရား တပည့်တော်မှာက ကိလေသာများကိုပယ်ခွါနိုင်ဖို့ တရားအားထုတ်ရပါဦးမည်”ဟုဆိုကာ ဘုရားရှင်၏ သပိတ်သကုင်္န်းကိုစွန့်ကာ တရားရှုဖို့ ထွက်ခွါသွားလေသည် ၊ သရက်တောရောက်ကာမှ မိစ္ဆာဝိတက်များနှိပ်စက်ကာ တရားထူးမရနိုင်မှ နောင်တရကာ ဘုရားရှင်ထံပြန်လာခဲ့ရတာပါ။
      ဤအကြောင်းများကြောင့်ပင် သက်တော်ကြီးရင့်ပြီဖြစ်သော မြတ်ဗုဒ္ဓက အလုပ်အကျွေး ရဟန်းတော်နှင့် စပ်ပြီး အမြဲပြုစု လုပ်ကျွေးမည့် ရဟန်းတော် တစ်ပါးကို ဖွေရှာရန် မိန့်တော်မူခဲ့ရာမှ  ၀ါတော်(၂၀)နောက်ပိုင်း အရှင်အာနန္ဒာမထေရ်တစ်ပါးတည်းသာ ပြုစုလုပ်ကျွေးခဲ့ပါတယ် ။ထို  အရှင်နာဂသမာလ ၊နာဂိတတို့လုပ်ရပ်နှင့် စပ်လျင်း၍ များစွာသောရဟန်းတို့မှာ ဓမ္မသံဝေဂ ဖြစ်ခဲ့ကြရပါတယ်။
       ဒါပေမယ့် ဘုရားရှင်ရဲ့ အလုပ်ကျွေးပြုစုသူ ရဟန်းတော်အားလုံးနီးပါး နောက်ပိုင်းမှာ အသီးသီး ရဟန်းတရားများ ကြိုးစားအားထုတ်ကြကာ ရဟန္တာမထေရ်ကြီးများသာ ဖြစ်ခဲ့ကြပါတယ် ။ ဒါပေမယ့် သုနက္ခတ္တဆိုတဲ့ လိစ္ဆ၀ီမင်းသားဘ၀မှ ရဟန်းပြုလာတဲ့ ရဟန်းတစ်ပါးကတော့ ၊အစပထမ ဘုရားရှင်အားအလွန်ကြည်ညိုပြီး ဘုရားရှင် သပိတ်ပိုက်ပြိး လိုက်လံပြုစုခဲ့ပေမယ့် နောက်ပိုင်းမှာ ဘုရားရှင်ကို ရန်ငြှိးဖွဲ့ပြီး ဂုဏ်သိက္ခာအသရေဖျက်ဖို့ အကြိမ်ကြိမ်ကြိုးစားပြီး ဘာသာအယူဝါဒပါ စွန့်ပြီး လူဝတ်လဲသွားခဲ့ပါတယ်။
       ဒါ့ကြောင့် မြတ်ဗုဒ္ဓကိုယ်တော်မြတ်ကြီးကလည်း   “ရဟန်းတို့အကြင်သူသည် ငါဘုရား၏သင်္ကန်းစွန်းကို ဆွဲကိုင်၍လိုက်နေစေကာမူ ငါဘုရား၏ တရားကိုကား မလိုက်နာမကျင့်ကြံ၊ ထိုသူသည် ငါဘုရားနှင့်ယူဇနာများစွာခြား၏။
      အကြင်သူကမူ ငါဘုရားနှင့် ယူဇနာများစွာဝေးကွာ၏ သို့သော် ငါညွှန်သည့်တရားတို့ကိုမူ လိုက်နာကျင့်ကြံ၏၊ ထိုသူသည် ငါဘုရား၏ သင်္ကန်းစွန်းကို ဆွဲကိုင်လိုက်သူကဲ့သို့နီး၏” ပြတ်သားရှင်းလင်းစွာ မိန့်တော်မူခဲ့တာဖြစ်မှာပါ ။ ဘုရားရှင်၏ ပစ္ဆာသမဏအဖြစ်ဖြင့် သပိတ်တော် သက်န်းတော်ကိုပိုက်ပြီး နောက်ကလိုက်နေသော သုနက္ခတ္တလောက် နီးကပ်စွာနေထိုင်ခွင့် တရားတော်များကို မှတ်သားကြားနာခွင့်ရသူ ရှိနိုင်အံ့မထင်ပေ။
      သို့သော်  ထိုအရှင်သုနက္ခတ္တသည် မြတ်ဗုဒ္ဓအားလုံးဝမကြည်ညိုနိုင်တော့ပဲ အမုန်းတရားများများ တဖွားဖွားဖြစ်ပေါ်နေခဲ့လေသည် ။ အဘယ့်အတွက်ကြောင့်ပါလိမ့် ၊ သတ္တ၀ါတို့အား ဆောင်ယူကယ်မတော်မူလို၍ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီတော်တို့ကို ဖြည့်ဆည်းပူတော်မူခဲ့သည့် မြတ်ဗုဒ္ဓ၌ကား ယင်းသို့သုနက္ခတ္တက အာဃာတရန်ငြှိးထားမှုအပေါ်၌ အပြစ်ဟူ၍ မြူမျှပင်မရှိနိုင်ပေ၊
       ဘုရားရှင်၏ အလုပ်အကျွေးရဟန်းကား သုနက္ခတ္တသည် လွန်စွာမှပင် မိုက်မဲပေစွ သုံးလောကထွဋ်တင်ဘုရားရှင်ကိုပင် ရန်သတ္တရုပြု၍နေပါသတဲ့၊အကြောင်းကတော့ …
(မူလပဏ္ဏာသ အဋ္ဌကထာ )အလိုအရ သုနက္ခတ္တသည် ဒိဗ္ဗစက္ခု(နတ်မျက်စိကဲ့သို့သော ညာဏ်အမြင်)ရရန် နည်းလမ်းတောင်းသောအခါ မြတ်ဗုဒ္ဓက ညွှန်ကြားခဲ့ပြီးတွင် အောင်မြင်ခဲ့ပြီးနောက် နတ်ပြည်လောကကို ကြည့်ရှုသော် အဆင်းလှသော နတ်လောကမှအာရုံများကို မြင်နိုင်ခဲ့ပါသတဲ့ ဒါပေမယ့် ဒိဗ္ဗသောတအဘိညာဏ်ကိုမရသဖြင့် နတ်တို့၏ ပြောဆိုသံ ၊ တီးမှုတ်ကခုန်သောအသံများကို  မကြားရသောအခါ ရုပ်မြင်သံမကြားဖြစ်ပြီးအားမလိုအားမရဖြစ်ကာ ကြားချင်စိတ်ရှိခဲ့ပြီးနောက် ဒိဗ္ဗသောတအတွက် နည်းလမ်းတောင်းခံခဲ့ပါတယ်။
      မြတ်စွာဘုရားက သူ့တွင် ဒိဗ္ဗသောတရရန် ပါရမီမပါသဖြင့် မပေးခဲ့သည်ကို မနာလိုသဖြင့် မပေးခြင်းသာ ဖြစ်မည်၊ ငါသာ သိခဲ့ပါက သူ့ကို ပြိုင်ဆိုင်သူတစ်ဦး တိုးလာမည်ကို စိုးရိမ်သဖြင့် မပေးခဲ့သည်မှာ သေချာပါသည်ဟု တစ်ဖက်သတ်လွဲမှားစွာ ဆုံးဖြတ်ပြီး ဘုရားရှင်အပေါ် ရန်ငြိုး ဖွဲ့ခဲ့တာဖြစ်ပါတယ်။
    ထို့နောက် တစ်နေ့သော အခါမှာ သုနက္ခတ္တရဟန်းသည် မြတ်ဗုဒ္ဓအထံသို့ ချဉ်းကပ်ပြိး
''မြတ်စွာဘုရား ယခု အကျွန်ုပ်သည် မြတ်စွာဘုရားကို စွန့်ပါအံ့၊ ယခု အကျွန်ုပ်သည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ နေတော့မည် မဟုတ်ပါ'' ဟု လာရောက်ပြောဆိုလေရာ ၊
မြတ်စွာဘုရားရှင်ကလည်း
''သုနက္ခတ် ငါ့နောက်လိုက်တပည့်လာလုပ်လှည့်''ဟုများ ပြောဆိုခဲ့ဖူးသလောဟု ပြန်လည်မေးမြန်းရာမှာ ယင်းသို့မပြောဆိုဖူးပါကြောင်းပြန်လည်လျှောက်ထားပါတယ်၊
''ဒါဆို သင်ကရော ငါ့ကိုဆရာအမှတ်ဖြင့် ဆည်းကပ်နေထိုင်ပါမည်လို့ရော လျောက်ထားဖူးခဲ့သလော”ဟုမေးပြန်ရာ ယင်းသို့လည်းမလျောက်ထားခဲ့ဖူးကြောင်းပြောရာ
သုနက္ခတ် ငါကလည်း သင့်ကို ငါ့နောက်လိုက်တပည့်အဖြစ်နဲ့နေဖို့ မပြောဆိုဖူး ၊သင်ကလည်း ငါ့ကိုဆရာတင်၍ နေထိုင်ပါမည်ဟု မပြောဆိုခဲ့ဖူးပဲလျှက်  (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျားဖြစ်သော  သင်သည် အဘယ်သူဖြစ်၍ အဘယ်သူကို စွန့်သနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့ဟုမိန့်တော်မူလိုက်ရာ
့ သုနက္ခတ္တရဟန်းဟာ သူ့အပြစ်ကို သူမရှုနိုင်မမြင်နိုင်ရှာပဲ နောက်ထပ်တဖန် မြတ်စွာဘုရားကို အောက်ပါအတိုင်း  စွပ်စွဲပြောဆိုလိုက်ပြန်ပါတယ် ……………
                                  (ဆက်လက်ဖော်ပြပါဦးမည်….)
သင်္ကန်းစွန်းကိုဆွဲ၍လိုက်သော်လဲ……(၂)
by လင်္ကာ အရှင် on Friday, May 11, 2012 at 6:01pm ·
         မြတ်ဗုဒ္ဓက သုနက္ခတ္တရဟန်းအား ဘုရားရှင်အပေါ်၌ မပြစ်မှားဖို့ တားမြစ်ငြားသော်လည်း …ထိုစကားကိုဂရုမထားမူ၍ .လူသာမန်တို့ပြုလုပ်နေကြ ဒါန သီလ ဘာဝနာစတဲ့ ကုသိုလ်ကမ္မပထတရား(၁၀) ပါးထက်လွန်မြတ်သော  တန်ခိုးပြာဋိဟာကို ပြတော်မမူပါ ဒါ့ကြောင့် ဘုရားရှင်အား ဆရာအဖြစ်မှစွန့်လွှတ်ခြင်းဖြစ်ကြောင်း ထပ်မံလျှောက်ထားပြန်လေသည် ၊ထိုအခါ မြတ်ဗုဒ္ဓက
      “သုနက္ခတ် သင့်အားငါ ဘုရားက တန်းခိုးပြာဋိဟာများကို ဖန်းဆင်း၍ပြပါမည်၊ ငါ့ထံ၌ တပည့်ခံ၍ နေလော့ဟုများပြောဖူးသလော”ဟုမေးရာ
      “မပြောဆိုခဲ့ဖူးပါဘုရား”ဟုလျှောက်ထားလေ၏။
 “သင်ကိုယ်တိုင်ကရော တန်ခိုးပြာဋိဟာများဖန်ဆင်းပြခဲ့ပါလျှင်  တပည့်တော်သည် အရှင်ဘုရားတပည့်ခံပါမည်ဟုများ လျောက်ထားခဲ့ဖူးသလော “ဟု ပြန်လည်မေးမြန်းတော်မူရာ
  ယင်းသို့မပြောဆိုဖူးပါကြောင်း ပြန်လည်လျှောက်ထားလေ၏။  
     “သို့ဖျြစ်ပါက သင်သည် အဘယ်သူ ဖြစ်၍ အဘယ်သူကို စွန့်သနည်း။ ငါဘုရားသည်  တန်ခိုးပြာဋိဟာကို ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်း အကျိုးငှါ ဖြစ်သည် မဟုတ်လော”ဟုမေးမြန်းတော်မူပြန်ရာ
“ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူအား အလုံးစုံသော ဆင်းရဲကုန်ခြင်း အကျိုးငှါဖြစ်ပါသည်ဘုရား”ဟု ၀န်ခံလျှောက်ထားရလေတော့၏။
မြတ်ဗုဒ္ဓက ဆက်လက်ပြိး
      “သုနက္ခတ် ငါဘုရားဟောကြားတော်မူသည့်အတိုင်း လိုက်နာကျင့်ကြံသူအား  ဆင်းရဲကုန်ခြင်းအကျိုးငှါ ဖြစ်လျှင် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြခြင်းဖြင့်  အဘယ်ပြုအံ့နည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့”ဟု ကဲ့ရဲ့တော်မူလေသည် ။
ကောရခတ္တိယ တက္ကတွန်းနှင့်ပတ်သက်၍ တန်ခိုးပြာဋိဟာ ငါးချက် ထင်ရှားပြတော်မူခဲ့ခြင်း
    တခါက  မြတ်စွာဘုရားသည် ထူလုဇနပုဒ် ဥတ္တရကာ မည်သော နိဂုံး၌ သီတင်းသုံးနေတော်မူစဉ် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် နောက်လိုက်ရဟန်း လိစ္ဆဝီ မင်းသား သုနက္ခတ်နှင့်အတူ ဥတ္တရကာနိဂုံးသို့ ဆွမ်းခံဝင်တော်မူခဲ့လေသည်။ ထိုအခါ အဝတ်မဝတ်သော ကောရခတ္တိယ တက္ကတွန်း၏ ခွေးလိုလေးဖက်ထောက်သွားကာ ပြာပုံဖိုခနောက်နေရာ၌သာ ၀ပ်ခြင်း၊ခွေးလိုစားခြင်း ခွေးလိုဟောင်ခြင်း စတာတွေကိုကျင့်ကြံနေခြင်းကိုမြင်ရာမှ သုနက္ခတ္တလိစ္ဆ၀ီရဟန်းသည်
     ''အချင်းတို့ လေးဘက်ထောက်လျက် သွားသော မြေ၌ ချထားသည့် အစာကို ပါးစပ်ဖြင့်သာ ဟပ်၍ ပါးစပ်ဖြင့်သာ စားသော ဤရဟန်းကား ချီးမွမ်းအံ့သြဖွယ် ကောင်းလေစွတကား''ဟု တွေးတောကာ သာသနာပြင်ပ မှားယွင်းစွာ ခွေးကျင့်ခွေးကြံကြံနေသူကိုမှ အထင်ကြီး လေးစားသွားလေသည်။
ဘုရားရှင်သည် သုနက္ခတ္တရဟန်း၏ စိတ်အကြံကိုသိတော်မူ၍
       '' (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်သည် သာကီဝင်မင်းသား ဘုရား၏ တပည့်သား ရဟန်းဟု ဝန်ခံဘိ၏''ဟု မိန့်တော်မူရာ၊
     “မြတ်စွာဘုရား  အကျွန်ုပ်ကို '' (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်သည် သာကီဝင်မင်းသား ဘုရား၏ တပည့်သား ရဟန်းဟု ဝန်ခံဘိ၏''ဟု အဘယ့်ကြောင့် ဆိုတော်မူပါသနည်းဟု ပြန်လည်မေးမြန်းလေသည်။
      “သုနက္ခတ် သင်သည် ခွေးကျင့် ကျင့်လျက် လေးဘက်ထောက် သွားသော မြေ၌ ချထားသည့် အစာကို ပါးစပ်ဖြင့်သာ ဟပ်၍ ပါးစပ်ဖြင့်သာ စားသော ဤကောရခတ္တိယ တက္ကတွန်းကိုမှ အဟုတ်ကြီးမှတ်ကာ အံ့သြဘနန်းအနေဖြင့် အထင်ကြီးလေးစားနေသည် မဟုတ်လော “ဟုအပြစ်ကို ထင်ရှားပြက မိစ္ဆာအယူကို အထင်ကြီးလေးစားနေသည်၏ အဖြစ်ကို မိန့်ကြားတော်မူလိုက်ရာ သုနက္ခတ္တသည် ခိုးထုပ် ခိုးထည်နှင့်တကွ ဖမ်းမိလိုက်သော ခိုးသူကဲ့သို့ မည်သည့်ငြင်းချက်မှ ထုတ်မရနိုင်ပဲ ရှိလေတော့၏။
       သို့သော် မြတ်စွာဘုရားရှင်ကိုပင် " မြတ်စွာဘုရားသည် အဘယ့်ကြောင့် အရဟတ္တဖိုလ်ကို ဝန်တိုပါ သနည်း''ဟု ဓမ္မမစ္ဆရိယဖြစ်ပွားနေသူ  သာမညလူသား တစ်ယောက်ကဲ့သို့ စွပ်စွဲပုပ်ခပ်ပြန်လေ၏။
   ထိုအခါ မြတ်ဗုဒ္ဓက “(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား ငါသည် အရဟတ္တဖိုလ်ကို ဝန်မတို၊ စင်စစ် သင့်အား သာလျှင် ဤယုတ်မာသော မိစ္ဆာအယူသည် ဖြစ်ပေါ်နေ၏၊ ထိုအယူကို စွန့်လော့။ သင့်အား ကြာမြင့်စွာ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ မဖြစ်စေလင့်"ဟု မိန့်တော်မူပြီး ဆက်လက်၍
    " သုနက္ခတ် သင်ယခု အထင်ကြီးလေးစားနေသော ကောရခတ္တိယတက္ကတွန်းသည် ခုနစ်ရက်မြောက်သောနေ့၌ စားပိုးနင့်သော ရောဂါဖြင့် သေလတ္တံ့၊
     သေပြီးသော် အယုတ်ဆုံးသော အသုရာဘုံ၌ ကာလကဉ္စိကာမည်သော အသုရာ ဖြစ်လတ္တံ့။
     အလောင်းကိုကား ပြိတ်မြက်တောရှိသော သင်္ချိုင်း၌ စွန့်ကုန်လတ္တံ့။
     သုနက္ခတ် ထိုတက္ကတွန်း၏လားရာဂတိကို အသေချာသိလိုပါက အလောင်းစွန့်ပစ်ထားရာ ပြိတ်မြက်တောသို့သွားကာ အလောင်းကောင်အား လက်ဖြင့်ပုတ်၍ ကောရခတ္တိယ မိမိလားရာကို သိသလော''ဟု မေးလော့။ ထိုအလောင်းကောင်သည် ထ၍ သင့်အား ကာလကဉ္စိကအသုရာကြီး ဖြစ်နေသည်၏အဖြစ်ကို ပြောဆိုလတ္တံ့”
      ဟု ခွေးအကျင့်ကျင့်သော ကောရခတ္တိယ၏ ရှေ့ဖြစ်အနာဂတ်အကြောင်းအလုံးစုံကို (အနာဂတံသအဘိညာဏ်ဖြင့်)တိကျသေချာစွာ ကြိုတင်ဟောကြားတော်မူလိုက်လေသည်။
     ( ဒီနေရာမှာ ကာလကဉ္ဇိက အသူရာဆိုတာကတော့ ခန္ဓာကိုယ်ကြီးက သုံးဂါဝုတ်လောက်ကြီးပြီး အသွေးအသားကင်းမဲ့ကာ အရိုးနဲ့အရေမျှသာရှိပါသတဲ့ ၊ ညှိးနွမ်းရင့်ရော်နေသော သစ်ရွက်ဟောင်းသဖွယ်ဖြစ်ပြီး မျက်လုံးကလည်း ပုဇွန်မျက်လုံးလို ဦးထိပ်ပေါ်မှ အပြင်သို့ပြူးထွက်နေပါသတဲ့ ၊ မိမိကျက်စားသွားလာရာကိုမြင်ရဖို့ရန် ကိုယ်ခန္ဓာကြီးကို ကုန်းကွပြီး လှည့်လည်ကျက်စားသွားလာရပါသတဲ့ ၊ ပါးစပ်ပေါက်ကလည်း အပ်ပေါက်လေးလောက်သာ အရာမျှပါရှိပြိး အလွန်ဆာလောင်မွတ်သိပ် ပင်ပမ်းဆင်းရဲစွာခံစားနေရတဲ့ အယုတ်ဆုံးအသူရာမျိုးတည်း )
     သုနက္ခတ္တသည်လည်း “ဂေါတမဗုဒ္ဓ၏ စကားမည်သည် ချွတ်လွဲမှုမရှိခဲ့ဖူးချေ သို့သော် ငါသည် ကောရခတ္တိယထံသို့သွား၍ အသိပေးထားလျှင် ကောရခတ္တိယသည် အစားအသောက်ဆင်ခြင်ပါက လုံးဝစားပိုးနင့်၍ မသေနိုင်ရာ အကယ်၍ သေဆုံးခဲ့လျှင်တောင်မှ ပြိတ်မြက်တောရှိသော သချိုင်္င်း၌ မစွန့်ပစ်ဖို့ရန် စီမံစေမည်၊ အကယ်၍ ပြိတ်မြက်တောမှာ စွန့်ပစ်ထားလျှင်တောင်မှ သူသေကို ကျောပုတ်၍ လားရာဂတိကိုမေးလျှင် အလောင်းကောင်သည် ထ၍ လားရာဂတိကိုပါ ပြောလိမ့်ဦးမည်ဆိုသည်မှာလည်း လုံးဝကိုဖြစ်နိုင်စရာအကြောင်းမရှိချေ ၊မှန်သောစကားကိုသာ ပြောဆိုသည်ဟု ကြော်ကြားနေသော ဂေါတမဗုဒ္ဓအား  ဒီတခါတော့ မုသာဝါဒဖြင့် စွတ်စွဲအံ့ ” ဟူသောစိတ်ယုတ်မာဖြင့် ကောရခတ္တိယတက္ကတွန်းထံသို့ ချဉ်းကပ်ပြီးလျှင်
      ''ငါ့သျှင် ကောရခတ္တိယ 'အဝတ်မဝတ်သော ကောရခတ္တိယ တက္ကတွန်းသည် ခုနစ်ရက်မြောက်သောနေ့၌ စားပိုးနင့်သော ရောဂါဖြင့် သေလတ္တံ့၊ သေပြီးသော် အယုတ်ဆုံးသော အသုရာဘုံ၌ ကာလကဉ္စိကာမည်သော အသုရာဖြစ်လတ္တံ့၊ သေပြီးသော ထိုသူကို ပြိတ်မြက် တောရှိသော သင်္ချိုင်း၌ စွန့်ကုန်လတ္တံ့ 'ဟု ရဟန်းဂေါတမသည် ပြောထား၏၊ ငါ့သျှင် ကောရခတ္တိယ ယင်းသို့ဖြစ်သောကြောင့် ရဟန်းဂေါတမ၏ စကားလွဲမှားစေခြင်းငှါ အတိုင်းအရှည်နှင့်ယှဉ်၍ အစာကို စားလော့၊ အတိုင်းအရှည်နှင့်ယှဉ်၍ ရေကို သောက်လော့၊ အကယ်၍ သင်မသေခဲ့လျှင် ငါတို့ဂေါတမဗုဒ္ဓအား မုသာဝါဒဖြင့် စွပ်စွဲကြကုန်အံ့'' အသိပေးပြောကြားလေ၏။
   ကောရခတ္တိယသည်လည်း ဖိုခနောက်ကြားပြာပုံထဲဝပ်လျှက်က ခေါင်းထောင်ကြည့်ပြီး "မင်းမို့ ဂေါတမပြောတာ ယုံသကွာ သက်သက်ခြောက်လှန့်တဲ့စကား ငါ့လာပြောမနေပါနဲ့"ဟု ဟန်လုပ်ကာပြန်ပြောလိုက်ရသော်လည်း 
   " ဂေါတမ၏စကားသည် နှစ်မျိုးနှစ်စားဖြစ်သည်မရှိ ငါတော့ခုနှစ်ရက်အတွင်း ဧကန်သေရတော့မယ်ထင်ရဲ့ ၊ဒါပေမယ့် စားပို့နင့်သေမှာဆိုတော့ ဘာမှမစားပဲနေမယ်"[ဟုတွေးကာ အစားပင်မစားပဲနေခဲ့လေသည်။၊
     ထို့နောက် လိစ္ဆဝီမင်းသား သုနက္ခတ်သည် မြတ်ဗုဒ္ဓ၏စကားကို မယုံသည်ဖြစ်၍ တစ်ရက် နှစ်ရက်ဟု ဆို၍ ခုနစ်ရက်တို့တိုင်အောင် ရေတွက်ရင်း စောင့်ကြည့်နေခဲ့လေသည်။
     ခုနစ်ရက်မြောက်သောနေ့၌ ကောရခတ္တိယတက္ကတွန်း၏ အလုပ်အကျွေးတကာတဦးသည် “ငါ၏ဆရာသည် ခုနစ်ရက်တိုင်တိုင် ငါ၏အိမ်သို့မလာရောက်ခြင်းသည် နေမကောင်း၍ဖြစ်ပေလိမ့်မည် ၊၀က်သားဟင်းစတဲ့ ဟင်းကောင်းဟင်းလျှာများဖြင့် ထမင်းချက်ကာ ကောရခတ္တိယရှေ့ မြေပြင်ပေါ်မှာသွားပုံ၍ ကျွေးလေ၏။ ကောရခတ္တိယလည်း ယင်းစားကောင်းသောက်ဖွယ်များမြင်ရသောအခါ စာလောင်မွတ်သိပ်ခြင်းဝေဒနာကို သည်းခံခြင်းငှါ မစွမ်းနိုင်တော့ချေ၊
      နောက်တချက်စဉ်းစားမိသည်ကား ရဟန်းဂေါတမ၏စကားသည် မချွတ်လွဲခဲ့စဖူးချေ ၊ သူ့စကားအတိုင်း ငါခုနစ်ရက်အတွင်းသေဆုံးခဲ့မည်ဆိုလျှင် ၊ အငတ်ငတ် အပြတ်ပြတ်ဖြင့် သေရခြင်းထက် ဗိုက်ကားအောင်စား၍ သေရခြင်းကတော်သေး၏”ဟု ဆုံးဖြတ်ကာ ယင်းထမင်း ဟင်းများကို ခွေးကဲ့သို့ လေးဖက်ထောက်၍ ပါးစပ်ဖြင့်သား ငုံ့၍ ခွေးတစ်ကောင်ကဲ့သို့ အားရပါးရစားလေတော့၏။
    အစားကို အတိုင်းအရှည်ထက်လွန်ကာ စားပစ်လိုက်သဖြင့် အစာကိုကြေချက်ခြင်းငှါ မစွမ်းနိုင်ပဲ ထိုညတွင်ပင် စားပိုးနင့်သော ရောဂါဖြင့် သေဆုံးသွားလေသည်၊ သေပြီးသော် အယုတ်ဆုံးသော  ကာလကဉ္စိကာ မည်သော အသုရာဖြစ်၏၊
     ကောရခတ္တိယ၏ တပည့်တက္ကတွန်းတို့သည် ငါတို့ဆရာကား ဂေါတမကြိုတင်ဟောကိန်းထုတ်ထားသကဲ့သို့ ခုနစ်ရက်အတွင်းပင် စားပိုးနင့်၍ သေဆုံးခဲ့ပြီ ၊သို့သော် သူ၏ ပြိတ်မြက်တော်မှာစွန့်ပစ်လိမ့်မည်ဟူသောာစကားကိုကား ချွတ်လွဲအောင် အားထုတ်ကြကုန်အံ့ဟု ဆိုကာ နွယ်ကြိုးဖြင့်ချီကာ အခြားသော နေရာတို့သို့ ဆောင်ယူတိုင်း လူမြင်သူမြင် ပြောင်ရှင်းနေသောရင်ပြင်ချသည်းသာ ထင်ကုန်သဖြင့် ပြိတ်မြက်တောရှိရာ သချိုင်းသို့စွဲယူသွားရာမှ ပြိတ်မြက်ပင်တွေကြားအရောက်မှာတော့ လုံးဝကိုရွေ့အောင်ဆွဲယူ၍ မရတော့ချေ ထို့ကြောင့် လက်လျှော့ကာ စွန့်ပစ်သွားကြကုန်၏။
     သုနက္ခတ္တသည်လည်း လူသေကောင်ကိုမေးလို့ ထစကားပြောတယ်ဆိုတာ လုံးဝလက်ခံနိုင်စရာမရှိပေ ၊သို့သော် ဂေါတမဗုဒ္ဓ၏စကားသည်ကား နှစ်လုံးနှစ်ခွမဖြစ်စဖူး ၊ ဒီတစ်ခါတော့ အကြောင်းသိရအံ့ သင်္ချိုင်းကုန်းသွားပြီး ကောရခတ္တိယ၏အလောင်းက သူရောက်ရှိရာဘုံကိုပြောရင်ပြောရော့ မပြောခဲ့လျှင်ကား မုသာဝါဒဖြင့်စွပ်စွဲပုတ်ခတ်အံ့ဟု ယုတ်မာသောအကြံဖြင့် ပြိတ်မြက်သုဿန်သို့သွားကာ  
      ''ငါ့သျှင် ကောရခတ္တိယ မိမိလားရာကို သိ၏လော''ဟု လက်ဖြင့်အလောင်းကောင်၏ ကျောကိုသုံးကြိမ်ပုတ်၍ မေးလိုက်ရာ
ကောရခတ္တိယ၏အလောင်းကြီးသည် လက်ဖြင့် ကျောကိုပွတ်လျက် ထပြီးလျှင် '' သုနက္ခတ် မိမိလားရာကို သိပါ၏၊ အယုတ်ဆုံးသော အသုရာဘုံ၌ ကာလကဉ္စိကာမည်သော အသုရာဖြစ်နေပါ၏''ဟု ဆို၍ ထိုနေရာ၌ပင်လျှင် ပက်လက်လဲလေ၏။
    သုနက္ခတ္တသည်လည်း    အလောင်ကောင်ကပြောလိုက်သောစကားကိုကြားလျှင်ပင်  ကြက်သီးများတဖြန်းဖြန်းထသွားကာ မြတ်ဗုဒ္ဓရှိရာကျောင်းသို့ ချက်ခြင်းပြန်လာခဲ့လေတော့သည်။
      ကျောင်းသို့ပြန်ရောက်သောအခါ မြတ်စွာဘုရားသည် သုနက္ခတ္တအား "အသို့နည်း  သုနက္ခတ္တ ငါဘုရားမိန့်တော်မူခဲ့သည့် ကောရခတ္တိယတက္ကတွန်း၏ အကြောင်းအရာတို့တွင် ငါဘုရားမိန့်တော်မူသည့်အတိုင်းပင်ဖြစ်သလော သို့တည်းမဟုတ် တစ်စုံတစ်ရာချွတ်လွဲသည်ကိုများ တွေ့ရသလော”ဟုမေးမြန်းရာ
“အရှင်ဘုရားမိန့်တော်မူခဲ့သည့်အတိုင်းပင် အလုံးစုံအကုန်မှန်ပါသည်ဘုရား”လျှောက်ထားလေ၏။
      ဒီနေရာမှာ မြတ်စွာဘုရားရှင်သည် တန်ခိုးပြာဋိဟာ (၅)ပါးကို ထင်ရှားဖော်ပြတော်မူခဲ့တာဖြစ်ပါတယ် ၊
     ၁။  ကောရခတ္တိယ တက္ကတွန်းသည် ခုနှစ်ရက်မြောက်သောနေ့၌ သေလိမ့်မည်ဟု မိန့်တော်မူရာ ခုနှစ်ရက်မြောက်သောနေ့၌ သေဆုံးခဲ့ရခြင်း၊
    ၂။    စားပို့နင့်၍သေလိမ့်မည်ဟု မိန့်တော်မူသည့်အတိုင်းပင် စားပိုးနင့်၍ သေဆုံးရခြင်း။
    ၃။ကာလကဉ္ဇိကအသူရာဘုံ၌ ဖြစ်လိမ့်မည်ဟု မိန့်တော်မူသည့်အတိုင်းပင် သေဆုံးပြိးနောက် ကာလကဉ္ဇိကအသူရာကြီးဖြစ်သွားခြင်း၊
    ၄။ပြိတ်မြက်တောသုဿန်မှာ စွန့်ပစ်ကြလတ္တံ့ဟု မိန့်တော်မူထားသည့်အတိုင်းပင် ကောရခတ္တယ၏အလောင်းကို ပြိတ်မြက်တောသုဿန်မှတစ်ပါးတစ်ခြားသော နေရာတို့၌ စွန့်ပစ်၍မရခြင်း၊
    ၅၊သေပြီးနောက် ဖြစ်ရာဘုံဌာနမှလာပြီး အလောင်းကောင်မှာပူးကပ်ကာ သုနက္ခတ္တနှင့်စကားပြောလိမ့်မည်ဟု မိန့်တော်မူရာမှာလည်း မိန့်တော်မူသည့်အတိုင်းပင် ၊ အလောင်ကောင်ကိုပူကပ်၍ သူဖြစ်ရာဘုံဌာနကိုပြောခြင်း၊
     ဟူသောမချွတ်လွဲခြင်းငါးပါးဖြင့်သက်သေပြကာ  အနာဂတံသအဘိညာဏ်၏ အစွမ်းအားဖြင့် လူတို့၏ ကုသိုလ်ကံမ္မပထတရား(၁၀)ပါးထက်လွန်သော တန်ခိုးပြာဋိဟာကို ပြတော်မူခဲ့လေသည်
      (လူသေကောင်မှ မိမိလားရောက်ရာဘုံဌာနကို  ပြောပြသည်ဆိုရာ၌ မြတ်စွာဘု၇ားရှင်၏ တန်ခိုးတော်ကြောင့်သာ ပြောကြားခဲ့သည်ဟုမှတ်ယူရမည်ဖြစ်၏)
     ထိုအခါမြတ်ဗုဒ္ဓက “သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ယင်းသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည်မည်သလော၊ မပြသည်မည်သလောဟု”မေးမြန်းရာ ၊
“ မြတ်စွာဘုရား ဤသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို စင်စစ် ပြသည် မည်ပါ၏၊ မပြသည် မမည်ပါဟု”၀န်ခံလျှောက်ထားရလေတော့သည် ။
    ဤတွင်မှ မြတ်ဗုဒ္ဓသည် သုနက္ခတ္တအား “(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ဤသို့ပြသော ငါ့ကို '' မြတ်စွာဘုရားသည် အကျွန်ုပ်အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြတော်မမူ''ဟု သင်ဆိုဘိ၏။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့”ဟု ပြောဆို၍ ကဲ့ရဲ့ရှုံ့ချတော်မူခဲ့လေသည်။
           (ဆက်လက်ဖော်ပြပါဦးမည်….)
သင်္ကန်းစွန်းကိုဆွဲ၍လိုက်သော်လဲ……(၃)
by လင်္ကာ အရှင် on Saturday, May 12, 2012 at 9:04pm ·
ကဠာရမဋ္ဋက တုံးလုံးကိုယ်တော်ကြီး နှင့် ဘုရားအလုပ်အကျွေး သုနက္ခတ္တရဟန်း
       မြတ်စွာဘုရား ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ သီတင်းသုံးစဉ်အခါက အဝတ်မဝတ်သော ကဠာရမဋ္ဋက တက္ကတွန်းသည် အလွန်ပင် နာမည်ကျော်ဇော ထင်ရှားနေလေသည်၊ လူအများသည်လည်း ကျော်ကြားမှုနောက်သို့သာ လိုက်ကြကုန်၏၊ အမှန်တကယ် ဟုတ်၍ကျော်သလော ၊ လူအထင်ကြီးအောင် အံ့သြဖွယ်တို့ကိုပြုလုပ်လှည့်စားနေသဖြင့်သာ ကျော်ကြားနေခြင်းလော သေချာဃန သိအောင်မကြိုးစားကြချေ၊
      မဇ္ဈိမပဏ္ဏာသ အဌကထာမှာတော့  ကြည်ညိုလေးစားဆည်းကပ်ကြသော လူများကို လေးမျိုးလေးစား  ခွဲပြထားလေသည်၊
၎င်းတို့မှာ
(၁) ရူပပ္ပမာဏ - ရုပ်ဆင်းအင်္ဂါ လှပခြင်းကို အစွဲပြု၍ ကြည်ညိုသူ။
(၂) ဃောသပ္ပမာဏ - ကျော်စောသံကို ကြား၍ကြည်ညိုသူ။
(၃) လူခပ္ပမာဏ - ခေါင်းပါးသောအကျင့်ကို စွဲ၍ ကြည်ညိုသူ ။
(၄) ဓမ္မပမာဏ - သီလ၊ သမာဓိ၊ ပညာရှိမှု့ကို စွဲ၍ ကြည်ညိုသူ ဟူ၍ ဖြစ်၏။
    ဒီနေရာမှာ ကဠာရာမကို ဘာ့ကြောင့်လူအများ ကြည်ညိုလေးစားကာ ချီးကျူးကော်ရော် ပူဇောနေကြပါလိမ့် ၊ သူ့ကျင့်စဉ်သည်လည်း သူ၏ အတွင်းစိတ်သဘောကိုသာ ထိုးထွင်း၍ မမြင်စွမ်းနိုင်က လေးစားအားကျစရာကဲ့သို့ ထင်မှတ်မိကြပေလိမ့်မည်။
သူ့ကျင့်စဉ်တွေကတော့
(၁) အ၀တ်ကို ၀တ်ရုံခြင်းသည် ၀တ္ထုကာမတို့ကိုသုံးဆောင်ခြင်းပင်ဖြစ်၍ အ၀တ်မဆည်း အချည်းနှီးနေပါသတဲ့ ၊ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးလည်း သူက “တောင်းမှာအကွတ် လူမှာအ၀တ်”ဆိုတဲ့အတိုင်း အ၀တ်အစားက ငါဟာ သူဋ္ဌေး ၊ငါဟာ ဘုရင်မင်းမြတ် ၊ ငါဟာ မူးကြီးမတ်ရာ စသည်ဖြင့် ခွဲခြားထားသဖြင့် အ၀တ်အစားကြောင့်ပင် မာန်တက်ကြတယ် ၊ အ၀တ်အစားကိုပင် တက်မက်တဏှာပွားပြီး ကိလေသာများရတယ်၊ စသည်ဖြင့် အ၀တ်ဝတ်ခြင်းရဲ့အပြစ်နဲ့ ၊အ၀တ်မ၀တ်ခြင်းရဲ့ဂုဏ်တွေကို ပြောဟောလေ့ရှိပါသတဲ့ ။
(၂) နောက်ကျင့်စဉ်တစ်ခုကတော့  မေထုန်အကျင့်ကိုရှောင်ကြဉ်ပါသတဲ့ ၊ သူပြောတာက ဂိဟိ /ကာမဘောဂီဆိုတာ စိတ်အလိုလိုက် ၊စိတ်မိုက်စိတ်ရိုင်းဝင်သူတွေသာ မှီဝဲကြတဲ့တရားပဲ သူ့လို အ၀တ်အစားအပေါ်မှာပင် တဏှာဖယ်ခွါထားပြီးဖြစ်တဲ့ အရိယာကြီး ၊သူတော်စင်ကြီးတစ်ယောက်အနေနဲ့ ဘယ်လိုမှ မေထုန်အမှုကို ပြုမှာမဟုတ်ဘူးဆိုပဲ  ။
(၃) နောက်ကျင့်စဉ်တခုက  အသက်ထက်ဆုံး သေရည်နှင့် အသားတို့ဖြင့်သာ မျှတအံ့၊ ထမင်း မုန့်ကို မစားအံ့..ဆိုပဲ ဒါကိုထောက်ဆ ကြည့်လျှင်ပင် သူတော်စင်များအဖို့ သေရည်သေရက်ကိုသာ သောက်သုံးနေတဲ့ ယဇ်ထုတ်ကြီးဖြစ်နေတာကို သိသာမြင်သာလှပါတယ် ၊ ဒါပေမယ့် ကျော်ကြားမှုနောက်လိုက်နေကြတဲ့ လူတွေ အမူးသမားတွေကတော့ သူတို့ရဲ့ ဆရာတဆုအဖြစ်နဲ့ အရက်နဲ့အမြည်းအသားကင်များကို နေ့စဉ်ပူဇော် ပသနေကြပါသတဲ့ ၊  အခြားကျင့်စဉ်များကတော့
(၄) ဝေသာလီပြည်၏ အရှေ့အရပ် ဥဒေနစေတီ (နတ်ကွန်း) ကို လွန်၍ မသွားအံ့။
(၅) ဝေသာလီပြည်၏ တောင်အရပ် ဂေါတမကစေတီ (နတ်ကွန်း) ကို လွန်၍ မသွားအံ့။
(၆) ဝေသာလီပြည်၏ အနောက်အရပ် သတ္တမ္ဗစေတီ (နတ်ကွန်း) ကို လွန်၍ မသွားအံ့။
(၇) ဝေသာလီပြည်၏ မြောက်အရပ် ဗဟုပုတ္တစေတီ (နတ်ကွန်း) ကို လွန်၍ မသွားအံ့ ဆိုပြီး မိမိ၏ နေထိုင်သွားလာရာ ဘောင်ကို ကြေညာကန့်သတ်ပြီး ၊သူ့အားတွေ့မြင်ဖူးမြော်လိုသူတို့သည် ဤအကာရံအတွင်းမှာသာ အရောက်လာကြရမှာဖြစ်ပါတယ်တဲ့ ၊  ဒါတွေကိုထောက်ဆကြည့်လျှင်ကို ကဠာရမဋ္ဋက ဟာ လူတွေကိုလိမ်ညာလှည့်စားပြီး အထင်ကြီးအောင်လုပ်နေသူ လူလိမ်လူညာတစ်ယောက်မျှသာဖြစ်တယ်ဆိုတာ ထင်ရှားလှပါတယ်၊
      လူအများကတော့ ညာဏ်ပညာလည်းနည်းတဲ့အလျောက် တအုံးအုံးနဲ့ သွားရောက်ဖူးမြှော် ပူဇော်ကြတာပေါ့ ၊ ဒီ အထင်ကြီးလေးစားမိကြတဲ့ သူတွေထဲမှာ ဘုရားခြေတော်ရင်းမှာ သပိတ်သင်္ကန်းကိုင်ပြီး အလုပ်အကျွေးပြုနေတဲ့ သုနက္ခတ္တဆိုတဲ့ ရဟန်းလည်း အပါဝင်ဖြစ်နေပါတယ်၊ ၊  အားမနာတမ်း ဝေဖန်ရလျှင် သုနက္ခတ္တ ဆိုတာက ဘုရားရှင်ရဲ့ ခြေရင်းအလုပ်အကျွေး ၊ ဘုရားနဲ့အနေနီးပေမယ့် တရားဓမ္မနဲ့အနေမနီးရှာတဲ့ ဃောသပ္ပမာဏပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေတာပါ၊ ဒီလိုကျော်ကြားမှုတွေကိုကြားရတော့ ငါ ကဠာရမဋ္ဋက သူတော်စင်ရဟန္တာကြီးဆီသွားပြိး မရှင်းတာလေးတွေ မေးလေဦးမှပဲဟု ဘုရားရှင်အား ၀တ်ကြီးဝတ်ငယ်ပြုစုအပြီးမှာ  ကဠာရမဋ္ဋကတက္ကတွန်းထံသို့ ချဉ်းကပ်ပြီး ပြဿနာကို မေးတယ်လို့ ဆိုပါတယ်။
   မေးလိုက်တဲ့ပြဿနာကလည်း သာသနာတွင်းက ဘုရားဟောကြားဆုံးမတော်မူလေ့ရှိတဲ့ အနိစ္စအကြောင်း ၊ဒုက္ခအကြောင်း၊အနတ္တအကြောင်းတွေပါပဲ ။
     ဒီတော့ သာသနာပဒိဋ္ဌိကြီးကမဖြေနိုင်ဘူး ၊ ဒီသုနက္ခတ္တဆိုတဲ့ရဟန်းဟာ ငါ့ဆီဆည်းကပ်ခစားပါတယ်လို့ အကောင်းမှတ်ပါတယ်၊ ဒါငါ့ကို သက်သက်စော်ကားတာပဲ ရဟန်းကြီးဂေါတမရဲ့ သူလျှိဒလန်လုပ်ပြီး ငါ့ကိုသက်သက် လူပုံအလယ်သိက္ခာချတယ် ဟု ဒေါသအမျက် ချောင်းချောင်းထွက်သွားပြီး ။
     မျက်ထောင့်နီကြီးဖြင့် သုနက္ခတ္တအားစူးစူး စိုက်စိုက်ကြည့်ကာ “မင်းဟာ ဆရာနည်းကျ သင်ယူလေ့ကျက်မထားသူ၏အထံ၌ ကြီးပြင်းလာခဲ့တဲ့သူတစ်ယောက်ပဲကွ၊ သူတော်စင် သူတော်ကောင်းက အခွင့်မပေးအပ်ပဲ ထင်ရာလျှောက်မေးနေတယ် ဒီကအခုထွ က်သွားကွာ အဲဒီနားမှာလာရပ်မနေနဲ့ ”လို့ အော်ငေါက်လိုက်ပါတယ်။ သေရည်ကိုသာ ရေလိုသောက်နေသူဆိုတော့ အမြဲလည်း မူးနေပုံပါပဲ ။ သူ့စကားအသွားအလာကလည်း အဓိပ္ပါယ်ပါလှပါတယ် ၊ ကိုယ်မဖြေနိုင်ရင် မဖြေနိုင်ဘူးဆိုတာ ၀န်မခံပဲ ၊ သုနက္ခတ္တ ဆရာအဖြစ်နဲ့ဆည်းကပ်နေတဲ့ မြတ်စွာဘုရားရှင်ကိုပင် စောင်းချိတ်ကာ ဆရာမရှိ ဆရာမရှိနဲ့ အမှန်တကယ်တော့ ဆရာနည်းကျ မသင်ယူမလေ့လာခဲ့ဖူးတဲ့ သူတစ်ယောက်ပဲ ဟု စောင်းချိတ်ပြောဆိုလိုက်ခြင်းသာ ဖြစ်ပါတယ်။
       သုနက္ခတ္တရဟန်းသည်လည်း ချောင်းကိုပစ်၍ မြစ်ကိုရှာ ရေသာများ၍ ငါးမတွေ့ဆိုတာလို ဒိဋ္ဌိတက္ကတွန်းကြီးကိုမှ သူလည်း အရိယာသူတော်စင်အဖြစ် ကျော်ကြားသူပဲ ၊သူလည်းဘုရားရှင်ကဲ့သို့ သိနိုင်တန်ရာတယ်လို့ တတန်းထဲထားကာ သွားမေးခဲ့ပေမယ့် အဖြေအစား ငေါက်ငမ်း မာန်မဲခြင်းသာ ရရှိခဲ့ပါတယ် ၊
     သူတော်ကောင်းအမည်ခံထားတဲ့သူက ဒီလိုမူးနေရင်းက အော်ငေါက်လွှတ်နေတာတောင်မှ သုနက္ခတ္တခမျာ အလွန့်အလွန်ကိုအသိညာဏ်မဲ့စွာနဲ့ ဟာ ငါတော့ အရိယာသူတော်စင်ကြီးကို ပြစ်မှားမိပြီ ၊ ဟုတ်ပေသားပဲ သူတော်စင်အရိယာကြီးကခွင့်မပေးပဲ ငါကမေးခဲ့မိတာကိုး ငါတော့ သူတော်စင်ပြစ်မှား ငရဲလားတော့မှာပဲဟုဆိုကာ ဆောင့်ကြောင့်ထိုင်ပြီး “အရှင်ဘုရား မလိမ်မိုး မလိမ္မာ ကျနော်မျိုးအား ခွင့်လွှတ်တော်မူပါ”ဟု ပြာပြာသလဲတောင်းပန်လိုက်ပါသတဲ့၊
          ကဠာရမဋ္ဋကတက္ကတွန်းကလည်း  နောက်တစ်ခါ ဒါမျိုးပြဿနာတွေ လာမမေးနဲ့တော့ ၊ဒါဆို ငါသည်းခံနိုင်မယ်လို့ ပြန်ခြိမ်းချောက်လိုက်တယ် ၊ ဒီတော့မှ သုနက္ခတ္တဆိုတဲ့ ဘုရားရှင်ရဲ့ အလုပ်အကျွေးရဟန်းက ၊”မှန်ပါ နောက်မမေးတော့ပါဘူး အရိယာသူတော်စင်ကြီး” လို့လျှောက်ထားပြီး   ဘုရားရှိရာ ကျောင်းတော်သို့ ဘယ်သူမှမသိအောင် ပြန်လာခဲ့ပါတယ်။
   စာထဲမှာတော့ ဆောင့်ကြောင့်ထိုင်ကာ တောင်းပန်လိုက်တယ်လို့ ဖော်ပြထားပါတယ် ၊ လက်အုပ်များချီသေးသလား ၊ထိုင်များရှိခိုးခဲ့သေးသလားဆိုတာကတော့ တွေးစရာပဲ လုပ်ချင်လည်းလုပ်ခဲ့နိုင်ပါတယ် ၊ ဘုရားရှင်ကိုပစ်၍တောင် ဒိဋ္ဌိကြီးကိုသူတော်စင်အဖြစ်နဲ့ ချည်းကပ်နေတဲ့ရဟန်းတစ်ပါးမဟုတ်ပါလား ။ သူ့ရဲ့ ပါဆင်နယ် လွတ်လပ်ခွင့်မို့ လုပ်ချင်ရာလုပ်နိုင်တယ်ဆိုပေမယ့် ဘုရားအလုပ်အကျွေးတစ်ယောက်က ယင်းသို့ တက္ကတွန်းကြီးကို အရိုအသေပေးခဲ့တာကတော့ မစင်နဲ့ရွှေကို တန်းတူထားက ဈေးဖြတ်လိုကိသကဲ့သို့ ဖြစ်နေတာတော့အမှန်ပဲ ။
      ဒီအကြောင်းကို ရဟန်းသံဃာတော်တွေ ဘယ်သူမှမသိလိုက်ကြပါဘူး ၊ ဘုရားအလုပ်အကျွေးရဟန်းတော်တစ်ပါးက ဒီလို မိစ္ဆာဒိဋ္ဌိကြီးထံ လျှို့ဝှက်သွားရောက်ပြီး အထင်ကြီးလေးစားစွာ မေးခွန်းတွေမေး အရိုအသေတွေပေးလိမ့်မယ်လို့လည်း ဘယ်သူမှ သံသယဖြစ်မိကြမှာမဟုတ်ပါဘူး ။
      ဒါပေမယ့် မြတ်စွာဘုရားကတော့ မသိရှိနိုင်ပါ့မလား ၊ ဖြစ်ကြောင်းကုန်စင်ကို ခရေစေ့တွင်းကျ အပ်ကျတာကမကျန် သိရှိပြီးဖြစ်ပါတယ် ၊ ဒါ့ကြောင့် ရှေ့တော်မှောက်မှာ ဟန်မပျက်ထိုင်နေတဲ့ သုနက္ခတ္တကို
'' (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်သည် သာကီဝင်မင်းသား ဘုရား၏ တပည့်သား ရဟန်းဟု ဝန်ခံဘိ၏''ဟု အမှတ်မထင်မိန့်တော်မူလိုက်ရာ သုနက္ခတ္တလည်း ဟာ ငါ တိတ်တဆိတ် ကဠာရမဋ္ဋက တက္ကတွန်းထံသွားခဲ့တာ ဘုရားရှင်သိသွားပြီထင်တယ်၊ တစ်စုံတစ်ယောက်ကများ အတို့အထောင်လုပ် လျှောက်ထားခဲ့လို့များလား ၊ သူ့အထင်နဲ့ အစ်မေးနေတာများလား …အေးလေ ဟန်ကိုယ့်ဖို့လုပ်ပြီး ဖုံးဖိရဦးမှာပဲ..လို့တွေးကာ
“မြတ်စွာဘုရား အကျွန်ုပ်ကို '' (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်သည် သာကီဝင်မင်းသား ဘုရား၏တပည့်သား ရဟန်းဟု ဝန်ခံဘိ၏''ဟု အဘယ့်ကြောင့် မိန့်တော်မူပါသနည်းဟု” ဘာတစ်ခုမှ နားမလည်ဟန်နဲ့ ပြန်လည်မေးမြန်းလျှောက်ထားလိုက်ပါတယ်၊ ဒီတော့မှ မြတ်ဗုဒ္ဓက
     “သုနက္ခတ် သင်သည် အဝတ်မဝတ်သော ကဠာရမဋ္ဋကတက္ကတွန်းထံသို့ ချဉ်းကပ်ပြီးလျှင် ပြဿနာ မေး၏၊ သင်မေးလတ်သော် အဝတ်မဝတ်သော ကဠာရမဋ္ဋက တက္ကတွန်းသည် ပြဿနာကို မဖြေနိုင်၊ မဖြေနိုင်သောကြောင့် အမျက်ထွက်မှု စိတ်ပျက်မှု မနှစ်သက်မှုများကို ဖော်ပြသည် မဟုတ်လော၊ ထို့ပြင် ''အချင်းတို့ ချီးမွမ်းအံ့သြဖွယ်ကောင်းသော ရဟန္တာကို ထိပါးမိလေစွတကား၊ ငါတို့အား ကြာမြင့်စွာ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ မဖြစ်ပါစေလင့်''ဟု သင့်အား အကြံသည် ဖြစ်သည် မဟုတ်လောဟု” တိုက်ရိုက်အထုပ်ကိုဖြေပြလိုက်ဘိသကဲ့သို့ မိန့်တော်မူလိုက်ပါတယ်။
      သုနက္ခတ္တလည်း ဘာပြန်ရောက်ရမှန်းမသိအောင် ကြောင်သွားပါတယ် ၊ကဲလေ ငါ့အကြောင်း ဘုရားသိပြီးမှတော့ ပေါက်တဲ့နဖူး မထူးပါဘူးဆိုပြီး
         “မှန်ပါသည် မြတ်စွာဘုရား၊ မြတ်စွာဘုရားသည် အဘယ့်ကြောင့် အရဟတ္တဖိုလ်ကို ဝန်တိုဘိသနည်း”ဟု စွပ်စွဲပုတ်ခတ်ပါတော့တယ် ။ မြတ်စွာဘုရားရှင်ကလည်း
         “(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား ငါသည် အရဟတ္တဖိုလ်ကို ဝန်မတို၊ စင်စစ် သင့်အား သာလျှင် ဤယုတ်မာသော မိစ္ဆာအယူသည် ဖြစ်ပေါ်နေ၏၊ ထိုအယူကို စွန့်လော့။ သင့်အား ကြာမြင့်စွာ အစီးအပွါးမဲ့ခြင်းငှါ မဖြစ်စေလင့်။
      သုနက္ခတ် သင်သည် အဝတ်မဝတ်သော ကဠာရမဋ္ဋကတက္ကတွန်းကို ''ဤရဟန်းကား ချီးမွမ်းအံ့သြဖွယ်ကောင်း၏''ဟု ထင်၏၊
      ထိုသူသည် မကြာမီပင် လူထွက်၍ အိမ်ထောင်ပြုပြီး ဇနီးမယားနှင့်အတူလှည့်လည်သွားလာကာ တစ်သက်ပတ်လုံး သူမစားတော့အံ့ဟု ပယ်မြစ်ထားတဲ့  ထမင်း မုန့်ကို ပြန်လည်စားသောက်ပါလိမ့်မယ်၊ ထို့အပြင် “ကျော်လွန်၍ မလှည့်လည်မသွားလာအံ့”ဟု သူသတ်မှတ်ထားတဲ့ နယ်နိမိတ်တွေကိုကျော်လွန်၍ အားလုံးသော ဝေသာလီပြည်ရှိ စေတီ နတ်ကွန်းတို့ကိုကျော်လွန်၍လှည့်လည်လိမ့်မည်၊ နောက်မကြာမီပင် ၊သူယခုရရှိနေတဲ့  အခြံအရံ အကျော်အစောများ ဆုတ်ယုတ်လျက် သေလတ္တံ့”ဟု ကဠာရမဋ္ဋက သည် သုနက္ခတ္တမှတ်ထင်ထားသကဲ့သို့ ကိလေသာကုန်ပြီး အရိယာသူတော်စင်ကြီးမဟုတ်ပဲ ၊ လူအများအား အထင်ကြီးအောင် ဟန်ဆောင်နေသူတစ်ဦးသာဖြစ်ပြီး မကြာမီပင် သူ၏လိမ်ညာလှည့်ပတ်မူများ ထင်ရှားစွာပေါ်လာလိမ့်မည်ဖြစ်ကြောင်း ၊ ကြိုတင်မိန့်ကြား အသိပေးတော်မူလိုက်ပါတယ်။
     ဒါပေမယ့် သုနက္ခတ္တရဟန်းကား ဘုရားအပေါ် အယုံအကြည်မဲ့နေသူ တစ်ဦးသာဖြစ်၍ အရိယာသူတော်စင်ကြီးက လူထွက် အိမ်ထောင်ပြုပြီး သူ့ကျင့်စဉ်အားလုံးချိုးဖောက်ကာ အခြံရံဆုတ်ယုတ်ပြီး သေဆုံးရမည်ဆိုသည်မှာ လုံးဝမဖြစ်နိုင်ချေ ၊ စောင့်ကြည့်ကြသေးတာပေါ့ တခုခု ချွှတ်လွဲသွားလို့ကတော့ မုသာဝါဒဖြင့် လူကြားမှာကို စွဲချက်တင်ဦးမည်’ ဟု စိတ်ယုတ်မာဖြင့် တေးမှတ်ထားလိုက်လေသည်။
      မြတ်စွာဘုရားရှင် ကြိုတင်မိန့်တော်မူသည့်အတိုင်းပင် ကဠာရမဋ္ဋကတက္ကတွန်းသည် လူထွက်၍ အိမ်ထောင်ပြုပြီး ရှေးကအခြံအရံတို့ဆုတ်ယုတ်လျှက် မကြာမီပင် သေဆုံးသွားလေ၏။
      သုနက္ခတ်သည် ဘုရားရှင်မိန့်တော်မူသည့်အတိုင်း အခုမလွဲဖြစ်ပေါ်ခဲ့သောကြောင့် မုသာဝါဒဖြင့် စွပ်စွဲခွင့်မရတော့ပဲ ဘုရားရှင်ရှေ့မှောက်မှာ တိတ်ဆိတ်စွာ ၀င်၍ထိုင်နေဘိ၏။ ထိုအခါ မြတ်ဗုဒ္ဓက ထိုအကြောင့်နှင့်စပ်၍
       ''သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ အဝတ်မဝတ်သော ကဠာရမဋ္ဋကတက္ကတွန်းကို အကြောင်းပြု၍ ငါပြောကြားသည့်အတိုင်း ထိုစကား၏ အကျိုးသည် ဖြစ်သလော၊ သို့မဟုတ် တစ်မျိုး တစ်ဖုံအားဖြင့် ဖြစ်သလော''ဟုမိန့်တော်မူရာမှာ သုနက္ခတ္တလည်း မငြင်းနိုင်တော့ပဲ
    “အရှင်ဘုရားတို့ မိန့်တော်မူထားသည့်အတိုင်းပင် တစ်ခုမလွဲဖြစ်ခဲ့ပါသည်ဘုရား”ဟု ၀န်ခံလျှောက်ထားရလေတော့၏။
    ထိုအခါတွင်မှ မြတ်စွာဘုရားရှင်သည် သာမန်တွေးခေါ်ရှင်တစ်ယောက်မျှသာဖြစ်သည် ၊အခြားသူများထက် ဘာတခုမှ သာလွန်၍မသိနိုင်ဟူသောသဘောဖြင့် “လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက်လွန်မြတ်သော တန်ခိုးပြာဋိဟာကို မပြ ”ဟု စွပ်စွဲခဲ့ခြင်းအပေါ်
        “သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ယင်းသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည် မည်သလော၊ မပြသည် မည်သလော” ဟု စကားအစဖော်ကာ မေးမြန်းတော်မူလိုက်လေ၏။ သုနက္ခတ္တလည်း “ဤအချင်းအရာသည်  လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို စင်စစ် ပြသည် မည်ပါ၏၊ မပြသည် မမည်ပါ” ဟု ၀န်ခံလျှောက်ထားရလေတော့၏ ။ ထိုအခါမှ မြတ်စွာဘုရားက
      “(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ဤသို့ပြသော ငါ့ကို ''မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြတော်မမူပါ''ဟု သင်ဆို၏၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော”့ဟု ဆိုကာ   ကဲ့ရဲ့ ရှုံ့ချ အပြစ်တင်တော်မူခဲ့ပါတော့တယ်၊
        ဒါပေမယ့် သုနက္ခတ္တသည် အမြင်မမှန် ညာဏ်မျက်လုံးသည် ကန်းခဲ့ပြီဖြစ်သဖြင့် ဘုရားအနားမှာနေပြီး ဘုရားရှင်ကိုမမြင်တွေ့ခဲ့တော့ချေ၊ တရားသံကြားပြီး တစ်ပါးသူတို့ လူနတ်နိဗ္ဗာန်သုံးတန်သော ချမ်းသာတို့ကို ပိုင်ဆိုင်ရရှိခဲ့ကြသော်လည်း သုနက္ခတ္တမှာတော့ ဘုရားရှင်ထံမှ အမွေရထားသည့် သပိတ်တစ်လုံးနှင့် သင်္ကန်းသုံးထည်မျှသာ၊ ထို့ထက်ဆိုးရွားလှသည်ကား ဘုရားရှင်အား အကြိမ်ကြိမ်ပြစ်မှားပြီး အပြစ်ကြီးများကို လုပ်မြဲလုပ်လျှက်ပါပဲ။
                               (ဆက်လက်ဖော်ပြပါဦးမည်….)
သင်္ကန်းစွန်းကိုဆွဲ၍လိုက်သော်လဲ……(၄)
by လင်္ကာ အရှင် on Sunday, May 13, 2012 at 9:34pm ·
ဘုရားနှင့်တန်ခိုးပြိုင်မည့်သူ ပေါ်လာပြီ
      မြတ်စွာဘုရား ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌သီတင်းသုံးစဉ်အခါ က အဝတ်မဝတ်ပဲ ကိုယ်လုံးတီးနေသူ ပါထိကပုတ္တတက္ကတွန်းသည်
      ''ရဟန်းဂေါတမသည် သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ ငါသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်သည် သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်နှင့် လူတို့၏ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြရန်ထိုက်၏၊         သင်တို့ဆရာ’ဂေါတမ’ရဟန်းကြီးကိုသာ အကြောင်းကြားလိုက်စမ်းပါ  သူက ငါနဲ့ယှဉ်ပြိုင်ဖို့ရန် ခရီးထက်ဝက်လာခဲ့လျှင် ငါကလည်း ခရီးထက်ဝက်သို့ သွားရောက်စောင့်ကြိုကာ  နှစ်ဦးလုံးတွေ့ဆုံတဲ့နေရာမှာပင် အချိန်မဆိုင်းပဲ  တန်ခိုးပြိုင်မည်  အကယ်၍ ရဟန်းဂေါတမက တန်ခိုးတစ်မျိုးဖန်ဆင်းပြလျှင် ငါကနှစ်မျိုးပြလိုက်မည် …အကယ်၍ သူက တန်ခိုးလေးမျိုးဖန်ဆင်းပြလျှင် ငါက ရှစ်မျိုးဖန်ဆင်းပြလိုက်မည် ၊ သူ့ထက်နှစ်ဆနှစ်ဆ တိုး၍ပင် တန်ခိုးပြပြီး ဘယ်သူကတန်ခိုးပိုကြီးတယ်ဆိုတာကို အားလုံးသိအောင် လုပ်ပြမည်”ဟု လူအများအထင်ကြီးလာအောင်  အဝေးမှနေ၍ စိန်ခေါ်နေလေ၏
       သို့သော် မြတ်ဗုဒ္ဓရှိရာသို့ကား မလာရဲပေ၊ အဘယ့်ကြောင့်ဆိုသော် သူသည် မည်သည့်ဈာန်အဘိညာဏ်မှမရတဲ့ သာမန်တက္ကတွန်းတစ်ယောက်ဖြစ်သော်လည်း ၊ ဂေါတမဗုဒ္ဓသည် ငါ့လိုပါမွှားနှင့် ယှဉ်ပြိုင်အံ့ဟု မည်သည့်အခါမှ ကြွလာလိမ့်မည်မဟုတ်ချေ၊ လူအများသည်သာ ငါ့ကိုလည်း တန်ခိုးရှင်တစ်ယောက်ဟု အထင်ကြီးကာ ဆည်းကပ်ပူဇော်ကြပေလိမ့်မည်’ဟု ယူဆထားသောကြောင့် ပုဆိုးခြုံထဲမှ လက်သီးဆုပ်ကာ တန်ခိုးပြဖို့ စိန်ခေါ်နေခြင်းပင်တည်း။
  သို့သော် သူကြိုတွက်ထားသည့်အတိုင်းပင် ပညာမဲ့သူလူအများတို့သည် “ပါထိကပုတ္တ ကိုယ်တုံးလုံးကိုယ်တော်ကြီးသည် အမှန်တကယ်ပင် တန်ခိုးကြီးသူဖြစ်၏။ ဘုရားဟုကျော်ကြားသူ ကိုပင် တန်ခိုးပြိုင်ဖို့ စိန်ခေါ်ဝံ့သော လူစွမ်းကောင်းပေတည်း၊ အရိယာသူတော်စင်ကြီးအား ပူဇော်ကြကုန်အံ့”ဟုဆိုကာ ကျောင်းအိပ်ယာ နေရာ စားစရာသောက်စရာ စသည်တို့ဖြင့်လှုဒါန်းပူဇော်ကြရာ တခဏချင်းပင် အလွန်ကျော်ကြားလာလေတော့၏၊ သူ၏ဂုဏ်သတင်းသည်လည်း တစတစပျံ့နှံ့လာရာ ဇေတ၀န်ကျောင်းတိုက်ရှိ ဘုရားအလုပ်အကျွေး အရှင်သုနက္ခတ္တထံသို့ပင် ရောက်လာလေတော့၏။
    သုနက္ခတ္တသည်လည်း  ဒီသတင်းကို ကြားလျှင်ကြားချင် အလွန်လျှင်အံ့သြ၀မ်းသာသွားပေ၏ ၊အကြောင်းမူကား သူသည်မြတ်စွာဘုရား၏ ဂုဏ်သိက္ခာကျဆင်းပြီး အကျော်စောမဲ့ခြင်းကို လိုလားတောင့်တနေခဲ့သော်လည်း အပြစ်တစုံတစ်ရာရှာ၍ မရခဲ့ပေ၊ ထို့ထက်ပို၍ ဆိုးသည်ကား မုသာဝါဒဖြင့် စွပ်စွဲပုတ်ခတ်လိုက်မည်ဟု အားခဲထားရာမှာ ခွေးလိုကျင့်ကြံသူ ကောရခတ္တိယ နှင့် ကဠာရမဋ္ဋက တို့၏အနာဂတ်ကိုကြိုတင်ဟောကြားတော်မူခဲ့သည်တွင် ဟောသည့်အတိုင်းမှန်ကန်ခဲ့၍ နှုတ်ဆိတ်နေခဲ့ရလေသည်၊
      သို့သော် ‘နေနှင့်ဦးပေါ့ကွာ ထင်းခွေမတွေ့ ရေခပ်တွေ့ပေါ့ တချိန်ချိန်တော့ ဘုရားကိုအန်တုမည့်သူ ၊ဘုရားထက်သာလွန်သူ တစ်ဦးဦးပေါ်လာဦးမှာပါ ‘ဟု ဘုရားရှင် ပျက်စီးရာ ပျက်စီးကြောင်းကို ကြိတ်ကြံနေတဲ့ အတွင်းရန်သူတစ်ယောက်ဖြစ်နေတဲ့အတွက်
ယခုလို ပါထိကပုတ္တ ဆိုတဲ့ အ၀တ်မ၀တ်တဲ့ တက္ကတွန်းကြိးက ဘုရားနှင့်တန်ခိုးပြိုင်နိုင်စွမ်းရှိတယ် ၊ယှဉ်ပြိုင်လိုတယ် ဟုကြားလိုက်ရခြင်းမှာ ရေငတ်နေသူ ရေတွင်းထဲကျဘိသကဲ့သို့ သူ့ဆန္ဒပြည့်တော့မည်ဟုထင်မှတ်ကာ အလွန်ပင် ၀မ်းသာသွားလေသည်။
         သုနက္ခတ္တသည် ဟန်မပျက် မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ်များကို ပြုလုပ်ပေးပြီး မြတ်စွာဘုရားဂန္ဓကုဋိတိုက်တော်အတွင်းသို့  ၀င်ရောက်အနားယူတဲ့အချိန်အတွင်းမှာ ကျောင်းတော်မှ တစ်ပါးတည်းထွက်ကာ ပါထိကပုတ္တ တက္ကတွန်းကြီးရှိရာသို့ထွက်လာခဲ့လေတော့သည်။
        တက္ကတွန်းကြီးသည် ဂေါတမဗုဒ္ဓ၏သာဝကရဟန်းတစ်ပါး ရောက်လာတယ်ကြားလိုက်သည်နှင့် ပါထိကပုတ္တသည် သူ့ကိုတန်ခိုးဖြင့်ဆုံးမမည့် ရဟန်းတစ်ပါးပါးအား ရဟန်းကြီးဂေါတမကလွှတ်လိုက်လေသလား??? ဟု အလွန်တုန်လှုပ်သွားလေ၏။ သို့သော် ဟန်ကိုယ့်ဖို့ဟု တွေးလိုက်ပြီး လက်ခံတွေ့ဆုံပြီး အခြေနေကိုတီးခေါက်ကြည့်လိုက်လေသည်။
     “အသင်ရဟန်းသည် အဘယ့်အတွက်ကြောင့် အကျွန်ုပ်ထံရောက်လာပါသလဲ “
“အို အရိယာသူတော်စင်ကြီး အသင်ဆရာကြီးးသည် ဂေါတမမြတ်စွာဘုရားနှင့် တန်ခိုးယှဉ်ပြိုင်ဝံ့သည် ဆိုသည်မှာ မှန်ကန်ပါသလော”
      ပါထိကပုတ္တ တက္ကတွန်းကြီးသည် သူ့ကိုဆုံးမဖို့ ရောက်လာသော ရဟန်းတော်တည်းဟု ထင်မှတ်သွားကာ အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားလေသည်။ မျက်နှာသည်ပင် သွေးဆုတ်သွားသကဲ့သို ထင်ရ၏။
     “ ဟုတ် ဟုတ်ပါတယ် အသင်ရဟန်း အကျွန်ုပ်အဲလိုပြောခဲ့ပါတယ်”
     သုနက္ခတ္တသည် ပညာမဲ့သူပီပီ ပါထိကပုတ္တ၏ လက်ရှိအခြေနေအမှန်ကိုပင် မသုံးသပ်နိုင် တကယ်ယှဉ်ပြီုင်နိုင်စွမ်းရှိ၍ ပြောဆိုခြင်းဟုတ်မဟုတ် ထပ်မံစုံစမ်းမနေတော့ပဲ ၊
    “ဟာ လေးစားလိုက်တာ သူတော်စင်ကြီးရယ် ကျုပ်ကတခြားမဟုတ်ပါဘူး ရဟန်းဂေါတမရဲ့ ခြေရင်းအလုပ်အကျွေးရဟန်း သုနက္ခတ္တဆိုတာ ကျုပ်ပဲဗျ  မြတ်စွာဘုရားအကြောင်း ကျုပ်လောက်ဘယ်သူသိဦးမှာလဲ ဒဿနအမြင်တွေ တွေးတောကာထုတ်ဖော်ပြောကြားနေတာကလွဲလို့ အရှင်နဲ့တန်ခိုးပြိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ၊ အရှင်ဘုရားက တန်ခိုးပြိုင်ဖို့ စိန်ခေါ်လိုက်ကြောင်းကို သွားပြောပြီးကြောက်ပြေးအောင်လုပ်လိုက်မယ် ဘာမှမပူနဲ့ ဒီအတိုင်းသာ ဆက်လက်ပြီးပြောဆိုနေပါ”ဟု အားပေးစကားပြောပြီး
        စိတ်ထဲမှာလဲ” ဒီတစ်ခါတော့ လူတွေက တန်းခိုးတော်အနန္တရှိတယ်လို့ထင်နေကြတဲ့ ဂေါတမမြတ်စွာဘုရား သူ့အလိမ်အညာတွေ ရှင်းရှင်းကြီးပေါ်တော့မှာပဲ လူတွေကြားမှ တန်ခိုးမပြနိုင်ပြီဆိုမှ တခါတည်းပွဲပြီးပြီ ငါလည်း တန်ခိုးမပြနိုင်တဲ့သူကို ဆရာမတော်နိုင်ဟု အပြတ်ပြောကာ စွန့်ခွါတော့မည်” ဟု ၀မ်းသာအားရ ကျောင်းတော်သို့ ပြန်လာခဲ့လေသည်  ။
        ကျောင်းတော်သို့ ပြန်ရောက်သည်နှင့် ဘုရားရှိရာသွားကာ အရှင်ဘုရား အ၀တ်မ၀တ်သော ပါထိကပုတ္တ တက္ကတွန်းဆရာကြီးသည်   ''ရဟန်းဂေါတမသည် သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ ငါသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်သည် သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်နှင့် လူတို့၏ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြရန်ထိုက်၏၊           
        သင်တို့ဆရာ’ဂေါတမ’ရဟန်းကြီးကိုသာ အကြောင်းကြားလိုက်စမ်းပါ  သူက ငါနဲ့ယှဉ်ပြိုင်ဖို့ရန် ခရီးထက်ဝက်လာခဲ့လျှင် ငါကလည်း ခရီးထက်ဝက်သို့ သွားရောက်စောင့်ကြိုကာ  နှစ်ဦးလုံးတွေ့ဆုံတဲ့နေရာမှာပင် အချိန်မဆိုင်းပဲ  တန်ခိုးပြိုင်မည်  အကယ်၍ ရဟန်းဂေါတမက တန်ခိုးတစ်မျိုးဖန်ဆင်းပြလျှင် ငါကနှစ်မျိုးပြလိုက်မည် …အကယ်၍ သူက တန်ခိုးလေးမျိုးဖန်ဆင်းပြလျှင် ငါက ရှစ်မျိုးဖန်ဆင်းပြလိုက်မည် ၊ သူ့ထက်နှစ်ဆနှစ်ဆ တိုး၍ပင် တန်ခိုးပြပြီး ဘယ်သူကတန်ခိုးပိုကြီးတယ်ဆိုတာကို အားလုံးသိအောင် လုပ်ပြမည်”ဟု အရှင်ဘုရားနှင့် တန်ခိုးယှဉ်ပြိုင်လိုကြောင်း ပြောကြားစိန်ခေါ်နေပါသည်ဘုရား ၊ အရှင်ဘုရားအနေနဲ့ သူနှင့် သူနှင့်တန်ခိုး ယှဉ်ပြိုင်ခြင်းငှါ စွမ်းနိုင်ပါမည်လော၊ ဒီတစ်ခါသာ မယှဉ်ပြိုင်နိုင်ပဲ ရှုံးခဲ့ပါက အတုမရှိမြတ်စွာဘုရားဆိုတဲ့ နာမည်တော့ ပျက်ရတော့မှာပဲ”ဟု စိုးရိမ်ကြောင့်ကျလေဟန်ဖြင့် လျှောက်ထားလေ၏။
   ထိုအခါ မြတ်ဗုဒ္ဓက   ''သုနက္ခတ် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည်
      (၁)  “အကျွန်ုပ်သည် ဘုရားမဟုတ်ပါပဲလျှက် ဘုရားဟုပြောဆိုကာ လှည့်လည်မိခဲ့ပါပြီ ၊ကျွန်ုပ်လိမ်ညာမိခဲ့ပါပြီ ဘုရားမဟုတ်ပါ”ဟု ပြောဆိုကာ ထိုဘုရားဖြစ်၏ဟူသော စကားကို မရုပ်သိမ်းမူ၍
     (၂)စိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်ဆင်ခြင်ပြီး “သြော် ငါဘုရားမဟုတ်ပဲလျှင် ဘုရားဟုထင်မှတ်ကာ လှည့်လည်မိခဲ့ပြီ တကယ်တော့ ငါဟာ ဘုရားမဟုတ်ပါလား”ဟု ဘုရားဟူသော စိတ်ကြီးဝင်မှုကို မပယ်မူ၍
      (၃) “ဤမျှလောက်ကာလပတ်လုံး ဘုရားမဟုတ်ပဲ ဘုရားဖြစ်၏ဟူသော အယူမှားဖြစ်ပေါ်ခဲ့ပြီ ထိုအယူမှားကိုစွန့်ပါအံ့”ဟု ထိုအယူမှားကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊
      'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ ကျရာ၏၊ ခုနစ်စိတ်သော်လည်း ကွဲလေရာ၏’ဟု မိန့်တော်မူလိုက်လေသည်။
       သုနက္ခတ္တသည် တွက်ထားသည်ကား ပါထိကပုတ္တအကြောင်းကိုကြားသည်နှင့် ဂေါတမဗုဒ္ဓသည် အခြားအရပ်တစ်ပါးသို့ ဒေသစာရီလှည့်လည်မည်ဟု ဆိုကာထွက်ခွါသွားလိမ့်မည်၊ ထိုအခါမှ ငါသည် ဂေါတမဗုဒ္ဓကို တန်ခိုးပြာဋိဟာမယှဉ်ပြီုင်ရဲ၍ ဘုရားမဟုတ် မဟုတ်ဟုဆိုကာ စွန့်ခွါမည်ဟု ဖြစ်၏ သို့သော် ဘုရားရှင်က “ပါထိကပုတ္တသည် ငါဘုရားကိုတွေ့ခြင်းငှါ မစွမ်းနိုင် တွေ့ဖို့လာပါက သူ့ဦးခေါင်းပြတ်၍ သေလိမ့်မည် ၊ခုနစ်စိတ်သော်လည်း ကွဲ၍သေလိမ့်မည်”ဟူ၍ ရဲရဲတောက် မိန့်တော်မူသောစကားကိုကြားရသောအခါ ၊ လုံးဝမယုံနိုင်ဖြစ်သွားလေသည်၊
     အကြောင်းမှာ လုံးဝမဖြစ်နိုင်သော ပါထိကပုတ္တက ဘုရားရှင်ကိုတွေ့ရုံနှင့် ဦးခေါင်းပြတ်၍ သေမည်ဟု မိန့်တော်မူသောကြောင့်တည်း။ ထို့ကြောင့် အပြင်းအထန်ပင်
      “မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤစကားကို စောင့်စည်းတော်မူပါ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို စောင့်စည်းတော်မူပါ”ဟု စကားကို အရမ်းကာရော နှုတ်မစောင့်ပဲ မပြောမိဖို့ တားမြစ်လေသည်။        
      သုနက္ခတ် သင်သည် အဘယ့်ကြောင့် ဤစကားကို ဆိုသနည်း၊ ''မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤစကားကို စောင့်စည်းတော်မူပါ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို စောင့်စည်းတော်မူပါ''ဟု ဆိုဘိသနည်းဟုမေးမြန်းရာမှ
      “ အရှင်ဘုရားသည် ကိုယ့်ကိုယ်ကို အထင်ကြီးကာ အတိအကျကို ပါထိကသည်ငါ့ထံသို့လာမည်ဟု အကြံဖြစ်ကာမျှဖြင့် ဦးခေါင်းပြတ်၍သော်၎င်း ခုနစ်စိတ်ကွဲ၍သော်၎င်း သေလိမ့်မည်”ဟု မိန့်တော်မူဘိ၏ ၊ ပါထိကပုတ္တဆရာကြီးသည် အကယ်၍ ခြေင်္သေ့အသွင် ကျားအသွင်၊အခြားသော အသွင်ပြင်တစ်မျိုးမျိုးဖြင့် အရှင်ဘုရားထံလာခဲ့သော်  မြတ်စွာ ဘုရား၏ ထိုစကားသည် မှားရာ၏ “ဟု မုသာဝါဒဖြင့် နှိပ်ကွပ်လေတော့၏။
  ထိုအခါ မြတ်ဗုဒ္ဓက  ''သုနက္ခတ် ငါဘုရားသည် နှစ်ခွဖြစ်သော စကားကို ပြောရာသလော''ဟု ထပ်၍မေးမြန်းရာမှာ “အရှင်ဘုရားသည် ပါထိကပုတ္တဆရာကြီး အရှင်ဘုရားထံလာမည်ဟု အကြံဖြစ်ကာမျှဖြင့် ဦးခေါင်းပြတ်၍သေမည်ဟု ဘယ်လိုသိပါသလဲ ၊ ပါထိက၏စိတ်ကို တန်ခိုးအဘိညာဉ်ဖြင့် ထိုးထွင်းသိပါသလား ၊သို့တည်းမဟုတ် နတ်ဗြဟ္မာတစ်ယောက်ယောက်ကများ လျှောက်ထားလို့သိတာပါလား”ဟု ဘုရားရှင်အားမေးမြန်းရာမှ
 သုနက္ခတ် ပါထိက ငါဘုရားအထံသို့လာမည်ဟု အကြံဖြစ်ကာမျှဖြင့် ဦးခေါင်းပြတ်၍ သေဆုံးရမည်ကို ပါထိက၏စိတ်ကို ငါကိုယ်တိုင်လည်း တန်ခိုးအဘိညာဉ်ဖြင့် ထိုးထွင်း၍သိ၏ နတ်တို့ကလည်းလျောက်ထားခဲ့ဖူး၏။
      အဇိတမည်သော ငါဘုရား၏သာဝကဖြစ်သော လိစ္ဆဝီစစ်သူကြီးသည် သေလွန်၍ ယခုတာဝတိံသာဘုံ၌ ဖြစ်နေ၏။ ထိုသူသည် လည်း ငါ့ထံသို့ ချဉ်းကပ်၍
''မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် အရှက်မရှိသူ ဖြစ်ပါ၏၊
 မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် မုသားပြောတတ်သူ ဖြစ်ပါ၏၊
 မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် အကျွန်ုပ်ကိုလည်း 'အဇိတလိစ္ဆဝီ စစ်သူကြီး သည် ကြီးစွာသော ငရဲ၌ ဖြစ်၏ 'ဟု ဝဇ္ဇီမင်းတို့၏ ရွာ၌ ပြောကြားပါ၏။
 မြတ်စွာဘုရား အကျွန်ုပ်သည် ကြီးစွာသော ငရဲ၌ မဖြစ်ပါ၊ တာဝတိံသာဘုံ၌ ဖြစ်ပါ၏။
''မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကား ကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ မြတ်စွာဘုရား၏ မျက်မှောက်သို့ လာရန် မထိုက်ပါ၊ 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက် မှောက်သို့ ငါ သွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ ကျရာ၏''ဟု လျှောက်ထားခဲ့ဖူး၏။
      သုနက္ခတ် ငါသည် ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးသော် ဆွမ်းခံရွာမှ ဖဲခွါခဲ့လျက် နေ့သန့်စင်နေခြင်းငှါ အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်း၏ အရံသို့ ချဉ်းကပ်အံ့၊ သုနက္ခတ် ယခု သင်ပြောကြားလိုသူကို ပြောကြားလော့”ဟု ပါထိကတက္ကတွန်းဆရာကြီး တောင့်တသကဲ့သို့ တန်ခိုးပြာဋိဟာပြတော်မူရန် ဆွမ်းစားပြီးပါက ပါထိက၏နေရာ ကျောင်းသင်္ခန်းသို့ ကြွတော်မူမည်ဖြစ်ကြောင်း အတိအလင်း ကျေညာချက်ထုတ်တော်မူလိုက်တော့သည်။
  သုနက္ခတ်သည်လည်း အကြီးအကျယ်ဝမ်းသာသွားလေသည် ၊ ငါ၏စိတ်အကြံသည် ယနေ့ပင်ပြည့်ဝပေတော့အံ့ တန်ခိုးယှဉ်ပြိုင်၍ အရှုံးကြီးရှုံးသွားသော ရဟန်းဂေါတမကိုစွန့်ခွါ၍ သာသနာမှလူထွက်ကာ လွပ်လပ်စွာနေတော့အံ့ ဟုကြိတ်ကာ ၀မ်းသာအားရဖြစ်နေလေသည်။ သူသည် သာသနာဘောင်မှ လူထွက်လိုသော်လည်း ဘုရားရှင်၏အလုပ်အကျွေးအဖြစ်ဖြင့် အလွန်ထင်ရှားသူတစ်ယောက်ဖြစ်သဖြင့် သာသနာဘောင်သို့ ဆွေးမျိုးဥစ္စာတို့ကိစွန့်ခွါကာ သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ပြီးကာမှ ယခုကဲ့သို့ လူဝတ်လဲလိုက်ပြန်ပါက အကျင့်သီလများကို ပြည့်ဝစွာမဖြည့်ကျင့်နိုင်၍ လူထွက်လာသည်ဟု ကဲ့ရဲ့ရှုံ့ချကြမည်ဖြစ်၍ ဘုရားရှင်၏ အပြစ်တစ်စုံတစ်ရာကိုထောက်ပြပြီး ဒါ့ကြောင့်စွန့်ခွါ၍ လူဝတ်လဲရပါသည်ဟု လူထွက်ရခြင်းအကြောင်းကို ချပြလိုခြင်းတည်း။
    ထို့ကြောင့် ဒီတန်ခိုးပြိုင်ပွဲကို လူအများသိနိုင်သမျှသိကြစေဖို့ ကြိုးစားမှတော်မည်ဟုကြံကာ တစ်မြို့လုံးလှည့်လည်ကာ ဘုရားရှင်နှင့် ပါထိကပုတ္တတက္ကတွန်းဆရာကြီးတို့ တန်ခိုးယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း လှည့်လည်ပြောကြားလေရာ တစ်မြို့လုံး အုံးအုံးကျွတ်ကျွတ်ဖြစ်နေလေတော့၏။
တန်ခိုးပြာဋိဟာပြဖို့ ကြွတော်မူခြင်း
   ဘုရားရှင်ကိုယ်တော်မြတ်သည်လည်း မိန့်တော်မူထားသည့်အတိုင်းပင် ဆွမ်းစားပြီးချိန်၌ ပါထိကပုတ္တတက္ကတွန်းနေထိုင်ရာ ကျောင်းသို့ကြွတော်မူလေသည်။
        လိစ္ဆဝီမင်းသား သုနက္ခတ်သည် လျင်လျင်မြန်မြန် ဝေသာလီပြည်သို့ ဝင်၍ ထင်ရှား ကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့ထံ ချဉ်းကပ်ပြီးလျှင် ဤစကားကို ဆို၏၊
        ''ငါ့သျှင်တို့ မြတ်စွာ ဘုရားသည် ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးသော် ဆွမ်းခံရွာမှ ဖဲခဲ့လျက် နေ့သန့်စင် နေခြင်းငှါ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်း၏ အရံသို့ ချဉ်းကပ်၏။
      ငါ့သျှင်တို့ သွားကြကုန်လော့၊ ငါ့သျှင်တို့ သွားကြကုန်လော့၊ ချီးမွမ်းအံ့သြဖွယ်ကောင်းကုန်သော ရဟန်းတို့၏ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာသည် ဖြစ်လတ္တံ့''ဟုပြောကြားလေသည်။
      ထိုအခါ ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့သည်လည်း ချက်ချင်းပင် စစ်ထွက်ကြသည့်အလား လှည်းသံ ယာဉ်သံ ခရာသံတို့ကို ညံစေလျှက် ''အချင်းတို့ အံ့သြချီးမွမ်းဖွယ်ကောင်းကုန်သော ရဟန်းတို့၏ လူတို့၏ ကုသိုလ်ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာသည် ဖြစ်လိမ့်သတတ်၊ အချင်းတို့ ယခုသွားကြ ကုန်အံ့''ဟု အဆောတလျှင်ထွက်လာကြလေသည်။
      သုနက္ခတ်သည် ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေး အမျိုးသားသူဌေးများနှင့် အယူအမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏတို့ထံသို့လည်း ချဉ်းကပ်၍ ထိုအကြောင်းကို ပြောပြပြန်ရာ အလွန်ထင်ရှားကုန်သော အမျိုးလေးပါးတို့သည် ထိုတန်ခိုးပြာဋိဟာ ပြမည့် ပါထိကကျောင်းသို့သာ ချီတက်လာကြလေတော့သည်။  အရာမကအထောင်မက သောပရိတ်သတ်ကြီးသည်” မြတ်စွာဘုရားနှင့် ပါထိကပုတ္တ ဆရာကြီး၏တန်ခိုးပြမှုကို ကြည့်ကြကုန်အံ့”ဟု လာရောက်ကြလေသည်။
သုနက္ခတ္တလိစ္ဆ၀ီ ရဟန်းအား ဥပဋ္ဌာက အလုပ်အကျွေးအဖြစ် ခွင့်ပြုထားခြင်း အကြောင်းရင်း
     ဒီနေရာမှာ စာရှုသူတို့သံသယကင်းဖို့ အနည်းငယ်တင်ပြဖို့လိုပေလိမ့်မည်။
 သုနက္ခတ္တသည် ဒီလောက်မြတ်စွာဘုရားအပေါ်၌ ဖောက်လွဲဖောက်ပြန်ပြုပြီး အကျိုးမဲ့ကိုသာလိုလားနေသူဖြစ်ပါလျှက် နှင်ထုတ်စွန့်လွှတ်ခြင်းမပြုမူ၍ ယခုလောက်ထိ ပစ္ဆာသမဏအဖြစ်ဖြင့် လှည့်လည်နေခြင်းသည် ၊ပြုစုမည့်သူ အခြားရဟန်းတစ်ပါးပါး မရှိ၍လော ???  ဆုံးမရနိုင်မည်ထင်မှတ်တော်မူ၍လော ???
     ဤသို့ကားမဟုတ်ပေ၊ ယခုလိုပြာဋိဟာပြမည့်ပွဲမျိုး၌ များလှစွာသော  ပရိတ်သတ်ကြီးကို စည်းရုံးဆော်သြကာ စုဆောင်းနိုင်မည်ကိုမြင်တော်မူသောကြောင့် ဖြစ်ပေသည်။
       သုနက္ခတ္တ လိစ္ဆ၀ီကဲ့သို့သော ပရိတ်သတ်များစိတ်ဝင်တစားလာရောက်စုဝေးရန် စွမ်းဆောင်နိုင်သော ရဟန်းတော်ကားမရှိပေ၊ အဘယ့်ကြောင့်ဆိုသော သုနက္ခတ္တည် ၀ဇ္ဇီတိုင်းသာ လိစ္ဆ၀ီမင်းမျိုးမှ ရဟန်းပြုလာသောသူဖြစ်သဖြင့်လည်း ယခုဝေသာလီပြည်၌ မင်းမျိုး ပုဏ္ဏားမျိုး သူဋ္ဌေးမျိုး သူကြွယ်မျိုးတို့အတွင်းတွင် အလွန်ထငှ်ရှားသူဖြစ်သည့်အလျောက် သို့ကလောက် ပရိတ်သတ်များကို စည်းရုံးစုစည်းနိုင်ခဲ့ခြင်းဖြစ်လေသည်။
                               (ဆက်လက်ဖော်ပြပါဦးမည်….)
သင်္ကန်းစွန်းကိုဆွဲ၍လိုက်သော်လည်း....(၅)
by လင်္ကာ အရှင် on Monday, May 14, 2012 at 1:44pm ·
ဘုရားကြောက်၍ ထွက်ပြေးသူ    
  အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် သူ၏ကျောင်းအရံသို့ မြတ်စွာဘုရားကြွလာတော်မူကြောင်း ၊မင်းပုဏ္ဏားစသော အမျိုးလေးပါးတို့ လည်း တန်ခိုးပြာဋိဟာကိုကြည့်ကြကုန်အံ့ဟုဆိုကာ တဖွဲဖွဲလာနေကြပြီဖြစ်ကြောင်းကြားလျှင်ကြားခြင်း ထိတ်လန့်တုန်လှုပ်သွားလေသည်။
“ ငါသည် အလွန်မိုက်မှားခဲ့လေစွ အလွန်ကြီးကျယ်သောစကားတွေပြော၍ လောကသုံးပါး၌ အမြတ်ဆုံးပုဂ္ဂိုလ်ကြီးနှင့် ဆန့်ကျင်ဖက်ကိုပြုခဲ့မိလေပြီ ၊ လူအများအထင်ကြီးနေသကဲ့ သို့ ငါ့သန္တာန်၌ အရဟတ္တဖိုလ်ညာဏ်သည်၎င်း ၊ တန်ခိုးဖန်ဆင်းနိုင်တဲ့ အဘိညာဉ်အစွမ်းတစ်စုံတစ်ရာသည်၎င်း မရှိခဲ့၊  ရဟန်းဂေါတမသည်ကား သူပြောသည့်အတိုင်းပင် တန်ခိုးပြာဋိဟာကို ပြတော်မူလိမ့်မည်၊ ထိုအချင်းအရာကိုတွေ့မြင်ကြရသောလူအုပ်ကြီးသည် “ဟဲ့လူမိုက်အယုတ်တမာ …ကိုယ့်အတိုင်းအရှည်ကို ကိုယ်နားမလည်ပဲ လောကမှာ အမြတ်ဆုံးဘုရားရှင်နှင့်မှ အန်တုဖက်ပြိုင်ကာ “တန်ခိုးပြလိုက်မည် ၊မည်သူကပို၍ သာလွန်ကြောင်း အကြောင်းသိစေမည်”ဟု ကြုံးဝါးပြောဆိုဘိ၏ ၊ သင်ပြနိုင်သောတန်ခိုးကို ယခုပြလော့ မပြနိုင်က အကြောင်းသိစေမည်”စသည်ဖြင့် ခြိမ်းခြောက်ကာ ဒုတ်ခဲစသည်ဖြင့် ပစ်ကြလျှင်ဖြင့် တခါတည်းအသက်ထွက်သွားလိမ့်မည်၊ တွေးကာ ချွေးပြိုက်ပြိုက်ကျကာ ထောက်တည်ရာမရဖြစ်နေလေသည်၊ ထို့ကြောင့် သူနေထိုင်ရာ ကျောင်းအရံသို့ မပြန်ရဲတော့ပဲ   ယူဇနာခွဲပမာဏ အလွန်ဝေးကွာသော တိန္ဒုကခါဏု ပရိဗိုဇ်အရံရှိရာသို့သွားလေသည်၊
     လမ်းခရီး၌ သူ၏အလုပ်အကျွေး ဒါယကာတစ်ဦးနှင့်ပက်ပင်းဆုံရာ၌ ၊
      “အရှင်ဘုရား ဒီနေ့ ဂေါတမဗုဒ္ဓနှင့် ယှဉ်ပြိုင်တန်ခိုးပြမည်ဟု ကြားသိရပါ၍ ကျွန်ုပ်တို့အရှင်ဘုရားကျောင်းသို့သွားမည်ဖြစ်ပါသည်၊ ဂေါတမဗုဒ္ဓလည်း ရောက်နေပြီဖြစ်ကြောင်း ကြားရပါသည်။ ယခု အဘယ်သို့ကြွမလို့ပါလဲဘုရား”ဟု လျှောက်ထားလိုက်ရာ၊
   “ ထိုအကြောင်းအရာကို ငါ၏တန်ခိုးဖြင့် ကြိုတင်သိမြင်ပြီးဖြစ်သည်၊ ယခု ငါ့အရေးကြီးကိစ္စရှိ၍ တိန္ဒုခါဏုပရိဗိုဇ်အရံသို့ သွားရမည်ဖြစ်သည်၊ ပြန်ရောက်တာနှင့် ဂေါတမဗုဒ္ဓနှင့် ယှဉ်ပြိုင်အနိုင်ယူမည် ၊သင်ဘာမှမပူပန်ပါနှင့်” ဆက်လက်လိမ်ညာလိုက်ရသေး၏ ၊သို့သော် မရမကအားယူပြောလိုက်ရခြင်းသာ မကြာမီ ဘာဖြစ်လာမည်ဆိုသည်ကိုကားသူကိုယ်တိုင်မမှန်းနိုင်ချေ၊ သို့သော် အကောင်းဖက်ကိုကား မမျှော်လင့်ရဲတော့ချေ၊
    ဒကာတော်ကလည်း ယုံကြည်ရင်းစွဲရှိသည့်အားလျှော်စွာ “မှန်ပါ အကြောင်းရှိလျှင်လည်း ကြွပြီး အမြန်ပြန်လာခဲ့ပါဘုရား ၊တော်ကြာမှ ဂေါတမရဲ့ပရိတ်သတ်တွေက အရှင်ဘုရားကြောက်လို့ရှောင်သွားတယ်ပြောနေဦးမယ်”
“ဒကာတော် သင် ငါ၏အစွမ်းကို ယုံကြည်ပြီးမဟုတ်ပါလော ”
“မှန်ပါဘုရား ၊ဒါ့ကြောင့်လည်း တပည့်တော်တို့ အောင်ပွဲခံရအောင်လို့ အလုပ်ဖျက်ပြီး အမှီရောက်လာတာပါ”
“ပရိတ်သတ်အားလုံးကိုပြောလိုက်ပါ ကျွန်ုပ် တိန္ဒုကခါဏု ပရိဗိုဇ်ထံမှ ပြန်ရောက်လာတာနှင့် တန်ခိုးပြမည်ဟု”
“မှန်ပါဘုရား ၊မှန်ပါ ကြားရတာနှင့်ပင် အားရတော်မူလှပါသည်”
      ပါထိကပုတ္တ ပရိဗိုဇ်သည် ပြော၍သာပြောလိုက်ရသည် ၊ ကြောက်အားကြီး၍ ရင်များပင် တလှပ်လှပ်တုန်လာကာ ၊ မျက်လုံးတွေပင်ပြာလာတော့၏၊ ထို့ကြောင့် သူ့ကျောင်းတိုက်နှင့်ဝေးနိုင်သမျှဝေးအောင် ချေကုန်သုတ်၍ ခရီနှင်ခဲ့လေတော့သည်။
     မကြာမီပင် တိန္ဒုကခါဏုပရိဗိုဇ်၏ အရံသို့ရောက်သောအခါ တိန္ဒုကခါဏုပရိဗိုက်ထံသို့ရောက်သွားရာ တိန္ဒုကခါဏှသည်လည်း ကြည်ညိုရင်းစွဲရှိသည့် အယူသီလတူမျှသူတစ်ဦးဖြစ်သဖြင့် ခရီးဦးကြိုပြုကာ ၊
     “ အဘယ့်အတွက်ကြောင့် နေ့လည်ခင်းကြီးကြွလာရပါသလဲ ၊ ညနေနေချမ်းမှ ဆရာလာသင့်ပါသည်”
ဟုလျှောက်ထားရာ ကဲ တိန္ဒုကခါဏု စကားများမနေနဲ့ ငါ့အာရုံအတွင်းမှာ သင်၏ကျောင်းအရံသို့နေလိုတဲ့ အဇ္ဈာသယကြောင့် ချီးမြောက်ဖို့ ကြွရောက်လာခြင်းဖြစ်တယ်”
“မှန်ပါဘုရား မှန်ပါ ဆရာတက္ကတွန်းကြီး အချိန်မရွေး ဘယ်အချိန်ကြွလာလာ တံခါးဖွင့်ထားပြီးသားပါ နှစ်သက်တဲ့နေရာသီတင်းသုံးတော်မူပါ”ဟု နေရာပေးလေသည်။
     တိန္ဒုကခါဏုက ပရိဗိုဇ် နေရာပေးသော သူ၏ကျောင်းကလေးသည် အေးချမ်းသာယာလှပေမည့် ပါထိကပုတ္တတက္ကတွန်းကြီး၏ရင်ထဲမှာ ဗလောင်ဆူနေလေသည်၊
    “အင်း ၊ဒီအချိန်ဆို ငါ၏ကျောင်းတွင်းမှာ ငါ့ကိုမတွေ့မမြင်ကြ၍ လိုက်ရှာနေကြလောက်ပြီ ၊လမ်းခရီး၌ဆုံလိုက်တဲ့ ငါ့ဒါယကာကများ ငါဒီကျောင်းရောက်နေတာ သွားပြောရင်ဒုက္ခ ၊တစ်စုံတစ်ယောက်လိုက်လာပြီး ငါ့ကိုတန်ခိုးပြဖို့ခေါ်ဆောင်မှ အရှက်နှစ်ခါကွဲရချေရဲ့ ၊ ဒီကျောင်းအတွင်းနေလို့တော့မဖြစ်တော့ဘူး ၊တခြားလုံခြုံတဲ့နေရာသွားပုန်းနေမှ တော်မည်”ဟုတွေးမိကာ
   “တိန္ဒုကခါဏုက ငါအေးအေးချမ်းချမ်းနေလို၍ ကျောင်းအစွန်အဖျား အရိပ်ကောင်းတဲ့နေရာတစ်နေရာရာမှာ နေလိုတယ်”ဟု ပြောပြီး ကျောင်းဝင်အစွန်အဖျား တောခြုံထူထပ်တဲ့တစ်နေရာမှာ ပျဉ်ချပ်ကလေးခင်းကာ ထိုင်ရင်း ချွေးပြိုက်ပြိုက်ကျလျှက် စိတ်သောကကြီးစွာရောက်နေတော့၏။   
                        ……………………………………………………………………………………….
       တန်ခိုးပြာဋိဟာပြပွဲသို့ ရောက်လာကြကုန်သော ပရိတ်သတ်တို့မှာလည်း တိုးမပေါက်အောင်စည်ကားများပြားလှပေသည်၊ မြတ်စွာဘုရား၏ တပည့်ဒကာဒကာမ သာဝကတို့သည်လည်း ငါတို့မြတ်စွာဘုရား၏ တင့်တယ်စံပယ်ခြင်းကို ကြည့်ကြကုန်အံ့ဟု၎င်း ၊ပါထိကပုတ္တတက္ကတွန်းကြီး၏ တပည့်ပရိတ်သတ်တို့သည်လည်း ငါတို့ဆရာကြီး ပါထိကပုတ္တ၏ ဂေါတမဗုဒ္ဓကိုယှဉ်ပြိုင်အနိုင်ယူပုံကို ကြည့်ရှုကြပြီး တစ်လောကလုံးယှဉ်ဖက်မရှိ အမြတ်ဆုံးပုဂ္ဂိုလ်ကြီးအဖြစ် အောင်ပွဲခံကြကုန်အံ့ဟုဆိုတာ တခဲနက်ရောက်လာနေရာယူထားကြလေသည် ။ သို့သော် နှစ်ဖက်လုံးတို့သည် မိမိတို့၏မြင့်မြတ်မှုနှင့် အဆုံးအမနာခံမှုတို့ကို ထင်ရှားပြကြကုန်အံ့ဟုနှလုံးသွင်းကာ တိတ်ဆိတ်ညိမ်သက်လွန်းလှ၏ ၊ မည်သူတစ်ဦးတစ်ယောက်မှ ဆူညံသံ ချောင်းဟန့်သံကိုမပြုမူ၍ မြတ်စွာဘုရားရှေ့တော်မှောက်၌ ညိမ်သက်စွာ ထိုင်စောင့်နေကြလေသည်။
     အချိန်သည်လည်း ကြာသထက်ကြာလှပေပြီ ပါထိကပုတ္တတက္ကတွန်းသည် ထွက်ပေါ်မလာသေး ၊ မြတ်စွာဘုရား၏ ပရိတ်သတ်ကား ဘုရားရှင်ကိုယ်တော်တိုင်ကြွရောက်တော်မူနေပြီဖြစ်သဖြင့် စိတ်အေးချမ်းသာစွာပင် တက္ကတွန်းကြီးအလာကိုသာ စောင့်မျှော်နေကြ၏။ ထိုပါထိကပုတ္တ၏ ပရိတ်သတ်သည်ကား အခြေနေကိုနည်းနည်းရိပ်စားမိစပြုလာကာ အသံအနည်းငယ်ထွက်လာ၏။
      “တို့ ဆရာကြီး ဘယ်ကြွသွားသလဲကွ လုပ်ကြပါဦး ဒီလိုဆို မပြိုင်ရဘဲ ရှုံးနိမ့်သွားမှာစိုးရတယ်၊ ရှာကြ ရှာကြ”   ”ဟာ လိုက်ရှာမနေနဲ့တော့ လာမှမဟုတ်တော့ဘူးဗျ ဒီအလာမှာ ကျုပ် တက္ကတွန်းကြီးကိုမြင်လိုက်တယ်၊ အခြားတနေရာ ထွက်သွားပုံပဲ  ” “ကြားနေပရိတ်သတ်တို့သည်လည်း သည်းမခံနိုင်ကြတော့ပဲ ‘ပြောတုန်းကသူပဲ ပြောပြီး အခုမှကြောက်လို့ ရှောင်သွားတာနေမှာပါကွ“စသည်ဖြင့် တယောက်တစ်ပေါက် ဆူညံ့ဆူညံ့ဖြစ်လာကြတော့သည်။
      ထိုစဉ်လမ်းမှာ ပါထိကပုတ္တတက္ကတွန်းကြီးနဲ့တွေ့ခဲ့ရတဲ့ သူ့အလုပ်အကျွေးဒါယကာတစ်ယောက်ကထ၍ “ပရိတ်သတ်ကြီးခများ သည်းခံစောင့်ဆိုင်းကြပါဦး ဆရာကြီးဟာ ကြောက်လန့်၍ ထွက်ပြေးသွားခြင်းမဟုတ်ပါဘူး လမ်းခရီးအကြား၌ ကျွှန်ုပ်နှင့်ဆုံခဲ့ပြီး အကြောင်းရှိ၍ တိန္ဒုကခါဏုက ပရိဗိုဇ်အရံကိုသွားနေတာဖြစ်ပါတယ်၊ မကြာမီပြန်လာပါလိမ့်မယ် ၊ပြန်ရောက်ရောက်ခြင်း တန်ခိုးပြာဋိဟာကိုပြမယ်လို့လည်း မှားကြားသွားပါတယ် ခင်များ”ဟု ထကာ ကြေညာလိုက်သည်။
      ထိုတွင်မှ ပရိတ်သတ်ကြီးသည် အုပ်အုပ်ကျက်ကျက်ဖြစ်လာကာ ဒါဆိုတစ်ယောက်ယောက်သွားပင့်ကွာ တို့လည်းစောင့်ရတာကြာလှပြီ၊ ဂေါတမဗုဒ္ဓလည်း ကြွရောက်လာတာကြာပြီ ၊ဒီအကြောင်းကိုသိပါရက်နဲ့ ဒါ့ထက်အရေးကြီးတဲ့ကိစ္စ ရှိနိုင်ပါဦးမလား၊ သွားခေါ်ပါ သွားခေါ်ပါ “ဟု အဆိုပြုကြလေတော့၏။
        ထိုနောက် ပရိသတ်အတွင်းမှ  ယောက်ျားတစ်ယောက်ကို စေခိုင်းလိုက်ကြတော့၏ -
“အချင်းယောက်ျား လာလော့၊ တိန္ဒုကခါဏုပရိဗိုဇ်အရံ၌ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်း ထံသို့ ချဉ်းကပ်ပြီးလျှင် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကို ''ငါ့သျှင် ပါထိကပုတ္တ ကြွလာပါလော့၊ ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့သည် ကြွလာကြပါကုန်၏၊ ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေးများ အမျိုးသားသူဌေးများနှင့် အယူအမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏတို့လည်း ကြွလာကြပါကုန်၏၊ ရဟန်းဂေါတမသည်လည်း အသျှင်၏ အရံ၌ နေ့သန့်စင်နေပါ၏၊
       ငါ့သျှင် ပါထိကပုတ္တ သင်သည် ဝေသာလီပရိသတ်၌ ''ရဟန်းဂေါတမသည် သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ ငါသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်သည် သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်နှင့် လူတို့၏ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြရန်ထိုက်၏၊         သင်တို့ဆရာ’ဂေါတမ’ရဟန်းကြီးကိုသာ အကြောင်းကြားလိုက်စမ်းပါ  သူက ငါနဲ့ယှဉ်ပြိုင်ဖို့ရန် ခရီးထက်ဝက်လာခဲ့လျှင် ငါကလည်း ခရီးထက်ဝက်သို့ သွားရောက်စောင့်ကြိုကာ  နှစ်ဦးလုံးတွေ့ဆုံတဲ့နေရာမှာပင် အချိန်မဆိုင်းပဲ  တန်ခိုးပြိုင်မည်  အကယ်၍ ရဟန်းဂေါတမက တန်ခိုးတစ်မျိုးဖန်ဆင်းပြလျှင် ငါကနှစ်မျိုးပြလိုက်မည် …အကယ်၍ သူက တန်ခိုးလေးမျိုးဖန်ဆင်းပြလျှင် ငါက ရှစ်မျိုးဖန်ဆင်းပြလိုက်မည် ၊ သူ့ထက်နှစ်ဆနှစ်ဆ တိုး၍ပင် တန်ခိုးပြပြီး ဘယ်သူကတန်ခိုးပိုကြီးတယ်ဆိုတာကို အားလုံးသိအောင် လုပ်ပြမည်”ဟု ပြောခဲ့ဖူးးသည်မဟုတ်ပါလော၊  ယခုပင်ကြွလာပါလော့” ဟု အပင့်လွှတ်လိုက်ကြလေသည်။
      ထိုယောက်ျားသည် ''အသျှင်တို့ ကောင်းပါပြီ''ဟု ထိုပရိသတ်အား ဝန်ခံ၍ တိန္ဒုကခါဏု ပရိဗိုဇ် အရံ၌ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းထံသို့ ချဉ်းကပ၍ ထိုအတိုင်းပင် ပြောဆို၍ ပင့်လေ၏။
      ထိုအခါ ပါထိကပုတ္တတက္ကတွန်းသည် ''ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့''ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်ချေ ။
     ထိုသို့ မထနိုင်ခြင်းမှာ မြတ်စွာဘုရားရှင်က အဓိဋ္ဌာနိဒ္ဓိဖြင့် “အကယ်၍ ဤလူမိုက်သည်  တစ်စုံတစ်ရာပြောဆို၍ ငါဘုရားနှင့်တန်ခိုးပြိုင်မည်ဟု လိမ်ညာပြောဆိုကာ လိုက်လာပါက ဦးခေါင်းပြတ်ကျွေးမြေ၌ကျ၍ သေဆုံးပျက်စီးရာ၏၊ ထိုသို့ အကျိုးမဲ့တစ်စုံတစ်ရာမဖြစ်ပါစေလင့်”ဟု အဓိဋ္ဌာန်ထားတော်မူသောကြောင့် ထိုင်နေရာပျဉ်ချပ်ဖြင့် ဖွဲ့ချည်နှောင်ထားဘိသကဲ့သို့၎င်း ၊ခြေတို့ကို ရိုက်ချိုးထားဘိသကဲ့သို့၎င်း ထ၍ပင်မရတော့ချေ။
         ထိုယောက်ျားသည် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းအား ''ငါ့သျှင် ပါထိကပုတ္တ သင်၏ တင်ပါးတို့သည် ထိုင်ခုံ၌ ငြိကပ်နေပါသလော၊ ထိုင်ခုံသည် သင်၏ တင်ပါးတို့၌ ငြိကပ်နေပါသလော၊ 'ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့ 'ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်ပါသလော''ဟု ပြောဆိုကာ ဘုရားရှင်နှင့် ပရိတ်သတ်ရှိရာသို့ပြန်လာခဲ့ပြီး
        ''အသျှင်တို့ ဤအဝတ်မဝတ်သော ပါထိက ပုတ္တ တက္ကတွန်းသည် 'ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့ 'ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်၊ ရှုံးပုံပေါ်၏''ဟု ပြောကြား၏။
       ထိုအခါ မြတ်စွာဘုရားက
         '' အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထို စိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊ 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော် လည်း ပြတ်၍ ကျရာ၏''ဟုမိန့််တော်မူလိုက်ရာ တိတ္ထိသာဝကများမှာ အလွန်ပင်မခံချိမခံသာဖြစ်သွားကြလေသည်၊ ဂေါတမဗုဒ္ဓသည် ပါထိကပုတ္တတက္ကတွန်းကြီးမရောက်လာသည့်အပေါ်မှာ ကြောက်လန့်၍ မလာခြင်းဖြစ်ပြီး မိမိနိုင်ပြီအထင်ဖြင့် ထင်ရာပြောဆိုနေဘိ၏၊ ဤပရိတ်သတ်ရှိရာလာရုံမျှဖြင့် ခေါင်းပြတ်သေမည်ဆိုသည်မှ လုံးဝမဖြစ်နိုင်ရာ ၊လောကမှာလည်း တစ်ခါဘူးမျှ မဖြစ်စဖူးချေ ၊ ယင်းစကားအပေါ် မုသာဝါဒဖြစ်စေရန် ငါတို့ဆရာအား မရအရခေါ်ဆောင်ကြမည်ဟု ဆုံးဖြတ်လိုက်ရလေတော့သည်။ ပရိတ်သတ်အားလုံးတို့သည်လည်း  လှုပ်လှုပ်ရှားရှားဖြစ်ကုန်တော့သည်။
          ထိုအခါ လိစ္ဆဝီအမတ်ကြီးတစ်ဦးသည် နေရာမှ ထ၍ “အားလုံးဆန္ဒမစောကြပါနဲ့ ၊ ဒီတန်ခိုးပြာဋိဟာပြပွဲဖြစ်ကိုဖြစ်စေရပါစေ့မယ် ၊ ကျွန်ုပ်ကိုယ်တိုင် ပါထိကပုတ္တဆရာကြီးအားရအောင်သွားခေါ်ဆောင်ခဲ့ပါမည် ကျွန်ုပ် ပြန်လာသည့်တိုင်အောင် ခဏမျှ ဆိုင့်ငံ့ကြပါဦး” ဦးဟုဆိုကာ ချက်ချင်းခေါ်ဖို့ ရထားလုံးအပြင်းနှင်ကာ ထွက်သွားလေတော့သည်။
       ထိုလိစ္ဆဝီအမတ်ကြီးသည် တိန္ဒုကခါဏုပရိဗိုဇ် အရံ၌ အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်းထံရောက်လျှင်ရောက်ချင်း “ငါ့သျှင် ပါထိကပုတ္တ ကြွလာပါလော့၊ ကြွလာခြင်းသည် သင့်အား ကောင်းမြတ်၏၊ ရဟန်းဂေါတမသည် ပရိသတ်၌ ဤ ရောက်မလာသေးသောသင့်အား မဟုတ်တမ်းတရားလုပ်ကြံပြီး  မိစ္ဆာအယူကိုမစွန့်မူ၍ ငါ့ထံမှောက်လာအံ့ဟုကြံသည်နှင့် ခေါင်းပြတ်ကျ၍ သေလိမ့်မည်”စကားကိုပင်ပြောနေပါ၏၊ အသျှင်ြကွလာရုံမျှဖြင့်ပင် ဦးခေါင်းပြတ်၍ မကျဟု သက်သေပြနိုင်ရုံဖြင့်ပင် သင့်ကို အနိုင်၊ ရဟန်းဂေါတမကို အရှုံးပြု၍ ကျွန်ုပ်တို့ ဆုံးဖြတ်ကြပါလိမ့်မည်”ဟု လျှောက်ထားလေ၏။
ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကိုကြားရသည်နှင့်
      ‘ငါထိုအရပ်ကိုရောက်အောင် လိုက်သွားသည်နှင့်ပင် ငါ့ဦးခေါင်းပြတ်၍မကျပါက မည်သည့်တန်ခိုးမှပြစရာမလိုပဲ ငါအနိုင်ရမည်ဆိုပါလား ၊ ဒါပေမယ့် ဂေါတမပြောသကဲ့သို့ ငါ့ဦးခေါင်းများ တကယ်ပြတ်သေနေလျှင်လျှင်း ကိုယ်နဲ့ခေါင်းအိုးစားကွဲရခြိမ့် ၊အေးလေ ဂေါတမက ငါကြောက်မှန်းသိလို့ သက်သက်ခြောက်လှန့်တာဖြစ်မယ် ဒီလောက်တော့ သူမစွမ်းနိုင်ပါဘူး၊ စွမ်းနိုင်လျှင်တောင်မှ သတ္တ၀ါတွေအပေါ်မေတ္တာကြီးမားတယ်ဆိုတဲ့ ဂေါတမကငါ့ခေါင်းတော့မဖြတ်လောက်ပါဘူး ငါလိုက်သွားမှသင့်မယ်’ဟုတွေးကာ..
 ''ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့''ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်။ မြတ်ဗုဒ္ဓက အထံတော်မှောက်သို့ရောက်လာလျှင်လာခြင်း ဦးခေါင်းပြတ်၍ သေဆုံးရမည်၊သို့မဟုတ် ဦးခေါင်း ခုနစ်စိတ်ကွဲကာ သေပွဲဝင်ရမည်ကို ကြိုတင်သိမြင်တော်မူသဖြင့် အဓိဋ္ဌာနိဒ္ဓိဖြင့် ထ၍မရနိုင်အောင် အဓိဋ္ဌာန်ထားခြင်းဖြစ်ပေ၏။
      သို့သော် ပါထိကပုတ္တတက္ကတွန်းကြီးရော လိစ္ဆ၀ီအမတ်ကြီးတို့ပါ ယင်းအကြောင်းရင်းအမှန်ကိုမသိကြချေ။ ယ္ခုပင်လျှင် စတင်၍မြတ်ဗုဒ္ဓက တန်ခိုးပြနေပြီ မဟုတ်ပါလား။………
      ထိုအခါလိစ္ဆဝီအမတ်ကြီးသည် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းအား ''ငါ့သျှင် ပါထိကပုတ္တ သင်၏ တင်ပါးတို့သည် ထိုင်ခုံ၌ ငြိကပ်နေပါသလော၊ ထိုင်ခုံသည် သင်၏ တင်ပါးတို့၌ ငြိကပ်၍ နေသလော၊ 'အရှင်ဘုရား မြန်မြန်သွက်သွက်လုပ်ပါ လူတွေကသည်းမခံနိုင်ဖြစ်နေကြပြီ” ဟု စိတ်မရှည်နိုင်သဖြင့် ဆိုလတ်သော် ထိုနေရာမှရွှေ့မရပဲ လူးလွန့်၍သာနေရရှာတော့၏။
ထိုအခါမှ လိစ္ဆဝီအမတ်ကြီးလည်း အခြေနေမှန်ကိုသဘောပေါက်ကာ ပြန်လာခဲ့ပြီး ဆရာကြီးသည် ထိုနေရာမှပင် မထနိုင်ဘူးဗျို့  ရှုံးဖို့အလေးသာနေပြီ”ဟု ဆိုလေရာ အချို့သောလိစ္ဆ၀ီတို့စိတ်ဝယ် မရရအောင်ခေါ်မယ်ကွာ လုံးဝမရရင် လွန်ကြိုးတွေနဲ့တုပ်ပြီး နွားတွေနဲ့ဆွဲကွာ ဒီရောက်လာဖို့သာ အရေးကြီးတယ်၊ဒီရောက်တာနဲ့ ခေါင်းပြတ်သွားခဲ့ရင် ဂေါတမပြောတာ လက်ခံမယ် ၊မဟုတ်လို့ကတော့ တို့တိုင်းပြည်မှာ ဒီလိုလိမ်ညာပြောကြားသူကို  လက်မခံနိုင်ဘူး စသည်ဖြင့် အကြံဖြစ်ကြ၏၊ ထိုအကြောင်းကိုသိတော်မူသော မြတ်စွာဘုရားသည် ။
အို လိစ္ဆဝီမင်းအပေါင်းတို့ သင်တို့အား 'ငါတို့သည် အဝတ်မဝတ်သော ပါထိကပုတ္ထ တက္ကတွန်းကို လွန်ကြိုးတို့ဖြင့် ချည်၍ နွားအရှဉ်းများစွာတို့ဖြင့် ဆွဲယူကုန်အံ့'ဟု ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုလွန်ကြိုးတို့သော်လည်း ပြတ်ကုန်ရာ၏၊ ပါထိကပုတ္ထတက္ကတွန်းသော် လည်း ပြတ်ရာ၏၊ အဝတ်မဝတ်သော ပါထိကပုတ္ထ တက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊
      'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါ သွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ပြတ်၍ ကျရာ၏''ဟုမိန့်တော်မူလိုက်ပြန်ရာ လိစ္ဆ၀ီမင်းတို့မှာ ထိတ်လန့်သွားကြကုန်တော့၏။
     ထိုအခါ ဒါရုပတ္တိက၏တပည့် ဇာလိယသည် ‘ဒီအတိုင်းသာဆို ရှင်ကြီးဂေါတမပြောသမျှကိုသာ အဟုတ်ကြီးမှတ်ကာ တို့အတွေ မပြိုင်ရဘဲ အရှုံးပေးရချေတော့မည် ဆရာကြီးအား မရရအောင်ကိုခေါ်အံ့’ဟု  နေရာမှ ထ၍
        ''အသျှင်တို့ သို့ဖြစ်လျှင် အကျွန်ုပ် ပြန်လာသည့်တိုင်အောင် ခဏမျှ ဆိုင်းငံ့ကြပါဦး၊ အဝတ်မဝတ်သော ပါထိကပုတ္ထတက္ကတွန်းကို ဤပရိသတ်သို့ ခေါ်လာရန် တတ်နိုင်ကောင်း တတ်နိုင်ပါလိမ့်မည်''ဟု ဆိုကာ ထွက်သွားပြန်လေ၏။
      ဇာလိယသည် တိန္ဒုကခါဏုပရိဗိုဇ်အရံ၌ အဝတ်မဝတ်သော ပါထိကပုတ္ထတက္ကတွန်းထံသို့ ရောက်သည်နှင့် ရှေးနည်းအတိုင်းပင် ပင့်ခေါ်ပြီး ကြိုးတုပ်ပြီး နွားလှည်းများဖြင့်ဆွဲယူလျှင်တောင် ကြိုးသော်၎င်း ၊လူသော်၎င်းပြတ်ထွက်လိမ့်မည် ၊ငါ့ဘုရား အထံမှောက်သို့ ရောက်မလာနိုင်”ဟု ဆိုနေချေ၏ အကျွန်ုပ်တို့နားထဲ၌ သံရည်ပူဖြင့် လောင်းထည့်သကဲ့သို့ အခံရခက်လှသည် မြန်မြန်ကြွပါ ဆရာကြီး ဟိုရောက်သွားတာနှင့် အားလုံးကအနိုင်ပေးကြပါလိမ့်မည်”ဟု ခေါ်နေပြန်ချေပြီ သို့သော် “ယခုပင် ငါလိုက်ခဲ့ပါမည်”ဟု ကြိုးစားထပါသော်လည်း ကြွလို့ပင်မရတော့ချေ ။
       ထိုအခါတွင်မှ မိမိတို့ဆရြာုကီးကို ဖွတ်ထွက်ကာမှ တောင်ပို့မှန်းသိရှိသွားလေတော့သည် ၊အလွန်လည်းရွံရှာစက်စုတ်သွားပြီး မိမိမစွမ်းနိုင်တဲ့အရာကို ပြောကြားပြီး လူပုံအလည်မှာမှ မိမိတို့တိတ္ထိများအား အရှက်တကွဲ အကျိုးနည်းဖြစ်စေခြင်းအပေါ်လည်း အလွန်ပင် ဒေါသထွက်သွားတော့၏။ ထို့ကြောင့် …
       ငါ့သျှင် ပါထိကပုတ္တ ရှေး၌ ဖြစ်ဖူးသည်ကား သားများဘုရင် ခြင်္သေ့မင်းအား ဤသို့သော အကြံ သည် ဖြစ်၏ -
   ''ငါသည် တောအုပ်တစ်ခုကို မှီ၍ ခိုအောင်းရာပြုအံ့၊ ထိုတောအုပ်၌ ခိုအောင်းရာပြုပြီးလျှင် ညနေချမ်းအခါ ထိုနေရာမှ ထွက်အံ့၊ ကိုယ်လက်ဆန့်တန်းပြီးလျှင် ထက်ဝန်းကျင် အရပ်လေး မျက်နှာသို့ လှည့်လည်ကြည့်ရှုအံ့၊ ထက်ဝန်းကျင် အရပ်လေးမျက်နှာသို့ လှည့်လည်ကြည့်ရှုပြီးလျှင် ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက်အံ့၊ ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက် ပြီးလျှင့်အစာရှာခြင်းငှါ ထွက်အံ့၊ ကောင်းကုန် ကောင်းကုန်သော သားအပေါင်းတို့ကို သတ်၍ နူးညံ့ကုန် နူးညံ့ကုန်သော အသားတို့ကို စားပြီးလျှင် ခိုအောင်းရာသို့သာလျှင် ကပ်အံ့၊ (ဤသို့ ပြုရမူ) ကောင်းလေစွ''ဟု (အကြံဖြစ်၏)။
ထိုကြံစီတိုင်းပင် ပြုစွမ်းနိုင်ပြီး နူးညံ့သောအသားတို့ကိုမှ သုံးဆောင်စားသောက်ကာ မိမိနေရာသို့သာပြန်သွားနိုင်သည်သာတည်း ။
     ငါ့သျှင် ပါထိကပုတ္တ ထို သားများဘုရင် ခြင်္သေ့မင်း၏ စားကြွင်းဖြင့်သာ ကြီးပွားလာသော ဝလည်းဝ အားလည်းကောင်းသော မြေခွေးအိုသည် ရှိ၏၊ ငါ့သျှင် ထိုအခါ ထိုမြေခွေးအိုအား ဤသို့သော အကြံသည် ဖြစ်၏ -
      ''ငါကား အဘယ်သူနည်း၊ သားများဘုရင် ခြင်္သေ့မင်းကား အဘယ်သူနည်း၊ ငါလည်း တောအုပ်တစ်ခုကို မှီ၍ ခိုအောင်းရာပြုအံ့၊ ထိုတောအုပ်၌ ခိုအောင်းရာပြုပြီးလျှင် ညနေချမ်းအခါ ခိုအောင်းရာမှ ထွက်အံ့၊ ခိုအောင်းရာမှ ထွက်ပြီးလျှင် ကိုယ်လက်ဆန့်တန်းအံ့၊ ကိုယ်လက် ဆန့် တန်းပြီးလျှင် ထက်ဝန်းကျင် အရပ်လေးမျက်နှာသို့ လှည့်လည်ကြည့်ရှုအံ့၊ ထက်ဝန်းကျင် အရပ် လေးမျက်နှာသို့ လှည့်လည်ကြည့်ရှုပြီးလျှင် ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက်အံ့၊ ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက်ပြီးလျှင် အစာရှာခြင်းငှါ ထွက်အံ့၊ ကောင်းကုန် ကောင်းကုန်သော သားအပေါင်းတို့ကို သတ်၍ နူးညံ့ကုန် နူးညံ့ကုန်သော အသားတို့ကို စားပြီးလျှင် ထိုခို အောင်းရာသို့သာ ကပ်အံ့၊ ဤသို့ ပြုရမူ ကောင်းလေစွ''ဟု ခြေင်္သေ့မင်းအားအန်တု၍
ရဲရင့်သော ဟောက်ခြင်းကို ''သုံးကြိမ် ဟောက်အံ့''ဟု ဟောက်သော်လည်း မြေခွေးအူသံသာထွက်ပေါ်လာလေ၏၊ ငှက်ဆိုးသံကိုသာ မြည်၏၊
        ငါ့သျှင် ပါထိကပုတ္တ သင်သည် ဤအတူ ဘုရားသာသနာတော်ဖြစ်သော သိက္ခာတို့၌ (မှီ၍) အသက် ရှင်လျက် (ဂေါတမဘုရားရှင်ကဲ့သို့ ဗုဒ္ဓတစ်ဆူမှတ်ထင်ကာ လူအများကထင်မှားကာ ပေးလှူသောလှုဖွယ်တို့ကို အလှုခံယူပြီး) ဘုရား၏ စားကြွင်းများကို စားလျက်
        ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားကို ပုတ်ခတ်ထိုက်သည်ဟု ထင်ဘိ၏၊
       ''မြေခွေးသည် သူတစ်ပါးနောက်လိုက် ဖြစ်သော မိမိကိုယ်ကို ရေကြွင်းရေကျန်၌ ကြည့်၍ မိမိ ကိုယ်ကိုဟုတ်မှန်သည့်အတိုင်း မမြင်သမျှ ခြင်္သေ့ဟု ထင်၏၊ ယင်းသို့ ထင်သော်လည်း ထိုမြေခွေးသည် ထိုငယ်စဉ်ကအတိုင်း မြေခွေးဟောင်ခြင်းကိုသာ ဟောင်၏၊ မြေခွေးယုတ်ကား အဘယ်သူနည်း၊ ခြင်္သေ့သံ ကား အဘယ်နည်း''ဟု ကဲ့ရဲ့ရှုံ့ချလေတော့သည်။
          ဖားများ လယ်ကြွက်များ၊သင်းချိုင်း၌ ပစ်ထားသော အကောင်ပုပ်များကိုသာစား၍ တောကြီးဆိတ်ညံ၌ ကြီးပွါးနေသော မြေခွေးသည် ငါကား ခြင်္သေ့ဟု ထင်၏၊ ယင်းသို့ ထင်သော်လည်း ထိုမြေခွေးသည် ထိုငယ်စဉ်ကအတိုင်း မြေခွေးဟောင်ခြင်းကိုသာ ဟောင်၏၊
မြေခွေးယုတ်ဟောင်သံကား အဘယ်သူနည်း !
 ခြင်္သေ့သံကား အဘယ်နည်း'' ! ဟု လုံးဝကဲ့ရဲ့ရှုံ့ချပြီး ပြန်လာခဲ့ရပြန်လေသည်။
      ပြန်ရောက်သည်နှင့် အခြေနေကိုဝိုင်းမေးကြရာ မျက်နှာကိုမဲ့ရွဲ့လျှက်
'ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့''ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့် ၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်တော့ချေ၊ ပါထိကပုတ္တသည် ရှုံးဖို့ရာသေချာသလောက်ဖြစ်နေပါပြီ အရှင်တို့''ဟု ပြောကြားရာ မြတ်ဗုဒ္ဓက ပရိတ်သတ်အား …..
        ပါထိကပုတ္တအား ယင်းသို့သွားရောက်ခေါ်ယူကာမျှဖြင့် အရောက်လိုက်လာနိုင်မည်မဟုတ်ချေ ကြိုးဖြင့်ချည်နှောင်ပြီး နွားအရှဉ်းများစွာတို့ဖြင့်စွဲခေါ်လျှင်တောင်မှ ဤအရပ်သို့ ရောက်လာနိုင်မည်မဟုတ်ကြောင်းနှင့် ယင်းမိစ္ဆာအယူကို မစွန့်မူ၍ ငါဘုရားအထံမှောက်သို့ရောက်လာပါကလည်း ဦးခေါင်းပြတ်ကြွေ မြေ၌သော်၎င်း ကျ၍သေဆုံးသွားလိမ့်မည် ၊ ခုနစ်စိတ်သော်၎င်းကွဲကာ သေဆုံးသွားလိမ့်မည်”ဟု မိန့်တော်မူကာ
ထိုပရိသတ်ကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေ၏၊ ထိုပရိသတ်ကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပြီးသော်
     ရှစ်သောင်းလေးထောင် သော သတ္တဝါတို့ကို (ကိလေသာ) အနှောင်အဖွဲ့မှ လွတ်စေ၍ (သြဃလေးပါး) ခရီးခဲမှ ထုတ်ဆောင်ပြီးလျှင်
      တေဇောဓာတ်ကို ဝင်စား၍ ကောင်းကင်သို့ ထန်းခုနစ်ဆင့်တိုင်အောင် တက်၍ အထက်သို့ အခြားထန်းခုနစ်ဆင့်တိုင်အောင်လည်း မီးလျှံဖန်ဆင်း၍ ပြောင်ပြောင်တောက်စေ၍ အခိုးထွက်စေ၍ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီးသို့ ပြန်၍ကြွတော်မူလေသည်။
       သုနက္ခတ်သည် ဘုရားရှင်မိန့်တော်မူသည့်အတိုင်း အခုမလွဲဖြစ်ပေါ်ခဲ့သောကြောင့် မုသာဝါဒဖြင့် စွပ်စွဲခွင့်မရတော့ပဲ ဘုရားရှင်ရှေ့မှောက်မှာ တိတ်ဆိတ်စွာ ၀င်၍ထိုင်နေဘိ၏။ ထိုအခါ မြတ်ဗုဒ္ဓက ထိုအကြောင့်နှင့်စပ်၍
       ''သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကို အကြောင်းပြု၍ ငါပြောကြားသည့်အတိုင်း ထိုစကား၏ အကျိုးသည် ဖြစ်သလော၊ သို့မဟုတ် တစ်မျိုး တစ်ဖုံအားဖြင့် ဖြစ်သလော''ဟုမိန့်တော်မူရာမှာ သုနက္ခတ္တလည်း မငြင်းနိုင်တော့ပဲ
    “အရှင်ဘုရားတို့ မိန့်တော်မူထားသည့်အတိုင်းပင် တစ်ခုမလွဲဖြစ်ခဲ့ပါသည်ဘုရား”ဟု ၀န်ခံလျှောက်ထားရလေတော့၏။
    ထိုအခါတွင်မှ မြတ်စွာဘုရားရှင်သည် သာမန်တွေးခေါ်ရှင်တစ်ယောက်မျှသာဖြစ်သည် ၊အခြားသူများထက် ဘာတခုမှ သာလွန်၍မသိနိုင်ဟူသောသဘောဖြင့် “လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက်လွန်မြတ်သော တန်ခိုးပြာဋိဟာကို မပြ ”ဟု စွပ်စွဲခဲ့ခြင်းအပေါ်
        “သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ယင်းသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည် မည်သလော၊ မပြသည် မည်သလော” ဟု စကားအစဖော်ကာ မေးမြန်းတော်မူလိုက်လေ၏။ သုနက္ခတ္တလည်း “ဤအချင်းအရာသည်  လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို စင်စစ် ပြသည် မည်ပါ၏၊ မပြသည် မမည်ပါ” ဟု ၀န်ခံလျှောက်ထားရလေတော့၏ ။ ထိုအခါမှ မြတ်စွာဘုရားက
      “(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ဤသို့ပြသော ငါ့ကို ''မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြတော်မမူပါ''ဟု သင်ဆို၏၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော”့ဟု ဆိုကာ   ကဲ့ရဲ့ ရှုံ့ချ အပြစ်တင်တော်မူခဲ့ပါတော့တယ်၊
                            (   ဆက်လက်ဖော်ပြပါဦးမည်  )…….
သင်္ကန်းစွန်းကို ဆွဲ၍လိုက်သော်လဲ……(၆)
by လင်္ကာ အရှင် on Monday, May 14, 2012 at 11:12pm ·
ဘုရားရှင်၏အလုပ်ကျွေး သုနက္ခတ္တ လူဝတ်လဲလေပြီ
     သုနက္ခတ္တလိစ္ဆ၀ီရဟန်သည် မြတ်စွာဘုရားအပေါ်၌ လုံးဝမကြည်ညိုနိုင်တော့သဖြင့် ဘုရားရှင်အား ၀တ်ကြီးဝတ်ငယ်ပြုနေရသည်ကိုလည်း မပျော်ပိုက်တော့ချေ ၊လူဝတ်လဲကာ လူထွက်ချင်စိတ်ပေါက်နေသော
(လူစိတ်ပေါက်နေသော )ရဟန်းတစ်ပါးမျှသာ ဖြစ်ပေတော့၏၊
     သို့သော်လည်း လူအများက သူ့အားဘုရားအလုပ်အကျွေးရဟန်းတစ်ပါးအဖြစ် ချီးကျူးစကားများ ပြောဆိုခဲ့ကြခြင်း၊ သူကိုယ်တိုက်ကလည်း ဘုရားရှင်၏ ဂုဏ်ကျေးဇူး ၊တရားတော်၏ ဂုဏ်ကျေးဇူး ၊သံဃာတော်၏ဂုဏ်ကျေးဇူးတို့ကို ရေပက်မ၀င်အောင် ပြောဆိုချီးမွမ်းခဲ့သည်ဖြစ်သောကြောင့် လူဝတ်လဲသွားပါက ဘုရားရှင်၏အဆုံးမအတိုင်း မလိုက်နာနိုင်၍သာ လူဝတ်လဲခြင်းဖြစ်ကြောင်း ကဲ့ရဲ့ရှုံ့ချခံရမှာလည်း တွေးကြောက်နေမိ၏၊
      ထို့ကြောင့်ပင် မြတ်စွာဘုရား၏အားနည်းချက်တစ်ခုခုကို ထောက်ပြ၍ ဒါ့ကြောင့် သူဘုရားရှင်အားမကြည်ညိုနိုင်တော့ပဲ လူထွက်ရခြင်းဖြစ်ကြောင်း သက်သေသာဓက ထုတ်ပြလို၏ ။  ခက်သည်ကား  ယခုအချိန်တိုင်အောင်ပင် မြတ်စွာဘုရားရှင်၏အားနည်းချက်ကိုကား တစွန်းတစမျှရှာမရခဲ့ချေ၊ သူက ဘုရားရှင်ထက်သာလွန်သည်ဟု ထင်မှတ်၍ သွား၍ဆည်းကပ်မိသူတို့သည်လည်း မြတ်စွာဘုရားရှင်အား မယှဉ်နိုင်ပဲ လမင်းကြိးနှင့် ပိုးစုန်းကြူးတို့  အလင်းချင်း ယှဉ်ပြိုင်ကြဘိ၏သို့ဖြစ်ခဲ့ရသည်ချည်းးသာ။
     ပါထိကပုတ္တတက္ကတွန်း၏ အရံ၌ တန်ခိုးပြာဋိဟာတို့ကို အံ့သြဘနန်း ဖန်ဆင်း၍ ပြတော်မူပြီးသည်မှနောက်ဝယ်  မြတ်စွာဘုရားရှင်အား တန်ခိုးပြာဋိဟာ ထင်ရှားပြတော်မမူခြင်းနှင့်ပတ်သက်၍ ကဲ့ရဲ့စွပ်စွဲဖို့ မဖြစ်နိုင်တော့ချေ။ ဆိုလိုသည်မှာ သာမန်လူသားတို့ထက်သာလွန်၍ တန်ခိုးကြီးမားသော အတုမရှိမြတ်စွာဘုရားမဟုတ်မူ၍ သူလိုငါလို လူသာမန်မျှသာဖြစ်ချေသည်ဟူ၍လည်း စွတ်စွဲပြောဆိုလို့ မဖြစ်နိုင်တော့ချေ။ တန်ခိုးပြာဋိဟာများပြတော်မူခဲ့သည်ကိုလည်း သူကိုယ်တိုင်ပင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီးဖြစ်လေသည်။
        သို့သော် အခြားတိတ္ထိဆရာအားလုံးတို့သည် လူသားအစ ဘယ်ကစသည်ကို ယင်းတို့၏အယူအစအတိုင်း
   * လောကကြီးကို ဖန်ဆင်းရှင်ကြီးက ဖန်ဆင်းထားကြောင်း ၊ သို့တည်းမဟုတ် *မိဘနှစ်ပါးတို့မှသာ စတင်ပေါက်ဖွားပြီး အတိတ်ဘယ်ဘုံဘ၀ကမှာ ယခုဘ၀သို့ရောက်လာသည်မဟုတ်ကြောင်း၊ စသည်ဖြင့်
ထုတ်ဖော်ဟောကြားနေကြသည်တို့ကို သူကြားဖူးခဲ့၏ ၊ မြတ်စွာဘုရားရှင်သည်ကား ယင်းတိတ္ထိဆရာများကဲ့သို့  လောက၏ အဦးအစ အဂ္ဂညတရားကိုဟောကြားတော်မူခဲ့သည်ဟူ၍ တရံတဆစ်မျှမကြားခဲ့ဖူးချေ။
       ‘ထိုသို့ မဟောကြားနိုင်ခြင်းကိုအကြောင်းပြု၍ မြတ်စွာဘုရားအားစွန့်ပစ်ကာ လူဝတ်လဲတော့အံ့’ဟု  မြတ်စွာဘုရားရှင်ထံသို့ သွားရောက်ကာ
      “ အရှင်ဘုရားသည် အခြားသောတိတ္ထိဆရာများကဲ့သို့ သတ္တလောက စတင်ဖြစ်ပေါ်လာပုံ အဂ္ဂညတရားကို ဟောကြားတော်မမူနိုင် ထို့ကြောင့်  အရှင်ဘုရားအား ဆရာအဖြစ်မှ စွန့်လွှတ်ပါ၏၊
ယနေ့မှစ၍  မြတ်စွာဘုရားကို စွန့်ပါအံ့၊ ယခု အကျွန်ုပ်သည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ နေတော့မည် မဟုတ်ပါ”ဟု လျှောက်ထားလေသည်။
    ဆိုလိုရင်း အဓိပ္ပါယ်မှာ ‘အရှင်ဘုရားသည် အခြားသာသနာပ ဒိဋ္ဌိဆရာကြီးတို့လောက်မှ လောကကြီး၏အဦးအစကိုမသိနိုင်ပဲ သဗ္ဗညူဘုရားအဖြစ် ၀န်ခံဘိ၏၊ ထိုသို့အခြားဆရာကြီးများအောက် အသိညာဏ်အားဖြင့်ယုတ်နိမ့်သောအရှင်ဘုရားကို ဆရာတင်၍ မကိုးကွယ်နိုင်တော့ပါ’ဟု လျှောက်ထားလိုက်ခြင်းပင်ဖြစ်၏။
       ထိုအခါ မြတ်ဗုဒ္ဓက    ''သုနက္ခတ် သင့်ကို ‘ ငါ့တပည့်အဖြစ်ခံယူပါက လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို  ငါ ဟောကြားမည်''ဟုများ ပြောကြားခဲ့ဖူးသလော”ဟု မေးမြန်းရာ မပြောဆိုဖူးပါဟု လျှောက်ထားလေသည်။
   “သင်ကိုယ်တိုင်ကရော ငါဘုရားအား “အရှင်ဘုရားသည် အဂ္ဂညတရားကို ဟောကြားတော်မူလျှင် တပည့်ခံပါမည်ဟူ၍များ လျောက်ထားခဲ့ဖူးသလော”ဟုမေးမြန်းတော်မူပြန်ရာ မလျောက်ထားဖူးပါ ဘုရား ဟုပြန်လည်လျှောက်ထားလေသည်။
    “ဤသို့ဖြစ်လျှင် သင်သည် အဘယ်သူဖြစ်၍ အဘယ်သူကို စွန့်သနည်း။ သုနက္ခတ် ငါဘုရားသည် လောကကြီးစတင်ဖြစ်ပေါ်လာပုံ အဂ္ဂညတရားကို ဟောကြားသည်ဖြစ်စေ၊ မဟောကြားသည်ဖြစ်စေ ငါဘုရားဟောကြားထားတော်မူသည့်အတိုင်းကျင့်သူ၏ အလုံးစုံသော ဆင်းရဲဒုက္ခတို့ ကုန်ခြင်းအကျိုးငှါ ဖြစ် သည် မဟုတ်လောဟု ပြန်လည်မေးမြန်းတော်မူရာ ။
  “လောကကြီးစတင်ဖြစ်ပေါ်လာပုံ အဂ္ဂညတရားကို ဟောကြားသည်ဖြစ်စေ၊ မဟောကြားသည်ဖြစ်စေ အရှင်ဘုရားဟောကြားထားတော်မူသည့်အတိုင်းကျင့်သူ၏ အလုံးစုံသော ဆင်းရဲဒုက္ခတို့ ကုန်ခြင်းအကျိုးငှါ ဖြစ်ပါသည်ဘုရား”ဟု ပြန်လည်လျှောက်ထားရပြန်လေသည်။
     “သုနက္ခတ် ထိုသို့ဖြစ်ပါက လောကကြီး၏အဦးအစ အဂ္ဂညတရားကိုဟောကြားခြင်းဖြင့်  အဘယ်ပြုအံ့နည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့”ဟု ကဲ့ရဲ့ပြစ်တင်တော်မူပြီးလျှင်
    “ သုနက္ခတ် သင်သည် အစပထမျ၌ကား  အကြောင်းအမျိုးမျိုးဖြင့် ရတနာသုံးပါး၏  ဂုဏ်ကို ဝဇ္ဇီမင်းအပေါင်း ပရိတ်သတ်အပေါင်းအား ပြောဆိုချီးကျူးခဲ့ဖူး၏။ ယခုအခါ၌သင်သည် သာသနာ့ဘောင်မှာ ကောင်းစွာမဖြည့်ကျင့်နိုင်သဖြင့် လူဝတ်လဲလိုခြင်းသာဖြစ်၏။     သုနက္ခတ် ထိုအကြောင်းကို ငါဘုရားသည် တပည့်သာဝကအပေါင်းအား ပြောကြားသိစေအံ့။
       လူအပေါင်းသည် သင့်အား ''လိစ္ဆဝီမင်းသား သုနက္ခတ်သည် ရဟန်းဂေါတမထံ၌ မြတ်သော အကျင့်ကို ကျင့်ရန် မစွမ်းနိုင်သဖြင့် သိက္ခာချ၍ လူ ထွက်၏''ဟု ကဲ့ရဲ့ပြစ်တင် ကြကုန်လိမ့်မည်သာတည်း”ဟု သတိပေးစကားဖြင့် မိန့်ကြားတော်မူခဲ့လေသည်။
      သို့သော်လည်း  လိစ္ဆ၀ီမင်းသား သုနက္ခတ်သည် လူဝတ်လဲကာ တိတ္ထိဘောင်သို့ပြောင်းသွားပြီး ဘုရားရှင်အားအငြှိးအာဃာတထားကာ ကျေးဇူးတရားကို ချေဖျက်၍ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးမဲ့ကိုသာ လူအပေါင်းအား လိုက်လံပြောဆိုနေလေတော့၏။
                            (ဆက်လက်ဖော်ပြပါဦးမည်).....
သင်္ကန်းစွန်းကို ဆွဲ၍လိုက်သော်လည်း (၇) နိဂုံး
by လင်္ကာ အရှင် on Monday, May 14, 2012 at 11:47pm ·
သုနက္ခတ်၏ ငယ်သူငယ်ချင်းအား ဘုရားသွား၍ ဆုံးမတော်မူပုံ
      ဘဂ္ဂ၀ပရိဗိုဇ်နှင့် သုနက္ခတ္တလိစ္ဆ၀ီမင်းသားတို့သည် လူ့ဘ၀က သူငယ်ချင်းအရင်းများဖြစ်ကြသောကြောင့် လူထွက်ပြီးလျှင်ပြီးချင်း ဘဂ္ဂ၀ထံသို့ သွားရောက်လည်ပတ်ပြီး 'ဘဂ္ဂဝ ယခု ငါသည် မြတ်စွာဘုရားကို စွန့်လိုက်ပြီ၊ ယခု ငါသည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ မနေတော့ပါ'ဟုပြောကြားရာ ဘဂ္ဂ၀ပရိဗိုဇ်မှာ အလွန်ပင် အံ့အားသင့်သွားရလေတော့၏။ အရင်ကသူသည်ပင် ဂေါတမဗုဒ္ဓကောင်းကြောင်းများ ချီးမွမ်းခဲ့ဖူးပြီး ယ္ခုပင် ကဲ့ရဲ့စကားများ ဆိုနေပြန်၏။ လူတို့၏ သဘောသဘာဝကား မခိုင်မမြဲ ဖောက်လွှဲ ဖောက်ပြန် မြန်လှချေ၏တကားဟုပင် ကြားနေ၀ါဒအဖြစ် ရှုမြင်မိလေတော့၏။ သို့သော်လည်းဘဂ္ဂ၀မှာ သုနက္ခတ္တ၏ စကားများကြောင့် ဘုရားကိုပင် သဗ္ဗညူဟုတ်မဟုတ် သံသယ၀င်နေလေတော့၏။
                            ………………………………………………………..
       နောက်ရက်များမကြာမီအတွင်း မြတ်စွာဘုရားသည် မလ္လတိုင်း မလ္လမင်းတို့၏ အနုပိယမည်သော နိဂုံး၌ သီတင်းသုံးနေတော်မူစဉ် နံနက်အချိန်ခါ သဗ္ဗညုတရွှေညာဏ်တော်ဖြင့် ဖြန့်ကျက်၍ ကြည့်ရှုတော်မူလျှင် သုနက္ခတ္တလိစ္ဆ၀ီပြောသည့်စကားများကြောင့် မြတ်စွာဘုရားရှင်အပေါ်၌ “သဗ္ဗညအမည်ခံကာ အလုံးစုံအကုန်သိသည်ဟု ကျော်ကြားတော်မူသော ရှင်ကြီးဂေါတမသည် လောကကြီးအဦးအစ အဂ္ဂညတရားကို မသိဘူးဆိုပါလား ၊ သုနက္ခတ္တပြောစကားသည် အမှန်တကယ်ပင်လော သို့တည်းမဟုတ် သုနက္ခတ္တက ကဲ့ရဲ့ရှုံ့ချမှု သက်သက်သာလောဟု စဉ်းစားမရဖြစ်နေသည်ကို သိမြင်တော်မူ၍ ယနေ့ပင် ဘဂ္ဂ၀၏ အရံသို့ ဆွမ်းခံမ၀င်မီ ကြွရောက်တရားဟောကြားအံ့ ၊ယင်းသို့ ဟောကြားခြင်းဖြင့် ဘဂ္ဂ၀သည်လည်း ငါဘုရား၏အပေါ်၌ ယုံကြည်မှု သဒ္ဓါတရားတိုးပွားကာ အကျိုးများရာ၏ ၊ထို့အပြင် လောက၏အဦးအစ အဂ္ဂညတရားကိုလည်း ငါဘုရားသာ အကုန်အစင် အမှန်အတိုင်းသိမြင်သူဖြစ်ကြောင်း ထင်ရှားလတ္တံ့”ဟု ကြံတော်မူကာ ဆွမ်းခံချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကိုယူလျက် အနုပိယနိဂုံးသို့ ဆွမ်းအလို့ငှါ ဝင်တော်မူရင်း
     ''အနုပိယနိဂုံး၌ ဆွမ်းခံလှည့်လည်ရန် စောလွန်းသေး၏၊ ငါသည် ဘဂ္ဂဝအနွယ်ဖြစ်သော ဘဂ္ဂဝပရိဗိုဇ်၏အရံ ဘဂ္ဂဝပရိဗိုဇ်ရှိရာသို့ ချဉ်းကပ်ရမူ ကောင်းလေစွ''ဟုအကြံဖြစ်တော်မူလေသည်။ ဆွမ်းခံချိန်စောလွန်းသေးသည်ဟူသည်မှာလည်း ဘဂ္ဂ၀၏အရံသို့ ကြွလို၍သာ သက်သက်စော၍ ထွက်တော်မူခဲ့ခြင်းတည်း ၊ ဆွမ်းခံချိန်ကိုမသိ၍ စောကြွခဲ့မိခြင်းကားမဟုတ်ချေ။
       ထို့နောက် မြတ်စွာဘုရားသည် ဘဂ္ဂဝအနွယ်ဖြစ်သော ဘဂ္ဂဝပရိဗိုဇ်၏ အရံဘဂ္ဂဝပရိဗိုဇ်ရှိရာသို့ ချဉ်းကပ်တော်မူရာ
       ဘဂ္ဂဝပရိဗိုဇ်သည် မြတ်စွာဘုရားကို မြင်လိုက်သည်နှင့် အားရ၀မ်းသာ  'မြတ်စွာဘုရား ကြွလာတော်မူပါ အသျှင်ဘုရား၊
မြတ်စွာဘုရား၏ ကြွလာခြင်းသည် ကောင်းသော ကြွလာခြင်းဖြစ်ပါသည် အသျှင်ဘုရား၊ မြတ်စွာဘုရားသည် ကြာမြင့်မှ ဤအရပ်သို့ ကြွလာတော်မူရန် အလှည့်ကို ပေးတော်မူဘိ၏ အသျှင်ဘုရား၊ မြတ်စွာဘုရား ထိုင်တော်မူပါ၊ ဤနေရာကို ပြင်ထားပါသည် အသျှင်ဘုရား''ဟု နေရာပေးပြီးလျှင် စိတ်အတွင်း၌ သောင်မတင် ရေမကျဖြစ်နေသော သုနက္ခတ္တပြဿနာကို ယင်းသို့လျှောက်ထားလိုက်လေတော့၏။
       ''မြတ်စွာဘုရား ယခင့်ယခင်နေ့တို့၌ လိစ္ဆဝီမင်းသား သုနက္ခတ်သည် အကျွန်ုပ်ထံသို့ ချဉ်းကပ်ပြီးလျှင် 'ဘဂ္ဂဝ ယခု ငါသည် မြတ်စွာဘုရားကို စွန့်လိုက်ပြီ၊ ယခု ငါသည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ မနေတော့ပါ'ဟု အကျွန်ုပ်အား ဤစကားကို ဆိုပါ၏၊ မြတ်စွာဘုရား လိစ္ဆဝီမင်းသား သုနက္ခတ်ဆိုသည့်အတိုင်း ဤစကားသည် မှန်ပါသလော''ဟုမေးလျှောက်ရာ ။
     သုနက္ခတ္တလိစ္ဆ၀ီပြောသည်မှာ မှန်ကန်ကြောင်းနှင့် အထက်ကဖော်ပြခဲ့သည့်အတိုင်း သုနက္ခတ္တလိစ္ဆ၀ီ၏ ဖြစ်ပုံပျက်ပုံ အလုံးစုံကို အသေအချာ ဟောပြတော်မူလေ၏။ ထိုအခါမှသာ သုနက္ခတ္တလိစ္ဆ၀ီသည် ဘုရားရှင်အဆုံးအမအတိုင်း လိုက်နာကျင့်ကြံပါက …….လောကကြီးစတင်ဖြစ်ပေါ်လာပုံ အဂ္ဂညတရားကို ဟောကြားသည်ဖြစ်စေ၊ မဟောကြားသည်ဖြစ်စေ အလုံးစုံသော ဆင်းရဲဒုက္ခတို့ ကုန်ခြင်းအကျိုးငှါ ဖြစ်ပါဖြစ်ပါလျှက် မကျင့်ကြံ မလိုက်နာနိုင်၍သာ သာသနာဘောင်မှ လူဝတ်လဲခဲ့ခြင်းဖြစ်ကြောင်း ကောင်းကောင်းကြီး သဘောပေါက်သွားလေတော့၏။
     သို့သော် သို့သော် ဘဂ္ဂ၀စိတ်ထဲ၌ မတင်မကျဖြစ်နေသေးသည်ကား သုနက္ခတ္တစွပ်စွဲသကဲ့သို့ ဂေါတမဗုဒ္ဓသည် လောကကြီးစတင်ဖြစ်ပေါ်ပုံ အဂ္ဂညတရားကို တကယ်ပင်မသိ၍ မဟောကြားခဲ့သလော ၊ ဘုရားမိန့်တော်မူသကဲ့သို့ အဂ္ဂညဆိုတဲ့ လူသားများစတင်ဖြစ်ပေါ်လာပုံကို သိရုံမျှဖြင့် ၀ဋ်ဒုက္ခမှ မလွတ်မြောက်နိုင်သောကြောင့်မဟောကြားလေသလောဟူသော သံသယက ဖြစ်မြဲဖြစ်လျှက်ပင် ရှိနေသေး၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်က ဆက်လက်၍
     ဘဂ္ဂ၀ ငါသည် လောက၏အစဟု သိအပ်သော အဂ္ဂညတရားကိုလည်း သိ၏၊
ထို့ထက် လွန်မြတ်သော တရားကိုလည်း သိ၏၊ ထိုသို့ သိသော်လည်း မှားသောအား ဖြင့် မသုံးသပ်၊ မှားသောအားဖြင့် မသုံးသပ်သောကြောင့် ငါသည် မိမိ၌ ကိလေသာငြိမ်းခြင်းကို ကိုယ်တိုင် သာလျှင် သိ၏၊ ယင်းသို့ သိသောကြောင့်  ဘုရားသည် ဆင်းရဲခြင်းသို့ မရောက်ပေ။
                  မဟာဗြဟ္မာကြီးဖန်ဆင်းရာမှ လူသားများစခဲ့သော အယူအဆ ဖြစ်ပေါ်လာပုံ 
      ဘဂ္ဂ၀ ဤလောက၌ အချို့သော သမဏ တို့သည်၎င်း ၊ သူတော်စင်ဟု အမည်ခံထားကြသူတို့သည်၎င်း သူတို့၏အယူအတိုင်း လောကကြီးကို စိုးပိုင်တော်မူသော ဖန်ဆင်းရှင်ကြီးက မည်သို့မည်ပုံ ဖန်ဆင်းထားကြောင်း၊ ဗြဟ္မာကြီးကဖန်ဆင်းခဲ့ကြောင်း စသည်ဖြင့် ပြောဆိုပညတ်ကြကုန်ဘိ၏။
        ငါဘုရားသည် ထိုသူတို့အထံသို့ ချဉ်းကပ်၍ သင်တို့သည် ဘယ်အထောက်အထားဖြင့် လောကကြီကို “ဖန်ဆင်းရှင်ကဖန်ဆင်းထားသည် ၊ဗြဟ္မာကြီးကဖန်ဆင်းထားသည်”ဟုပြောဆိုနိုင်ကြဘိသနည်းဟု သေချာစိစစ်မေးမြန်းရာ၌ကား မည်သူမှ တိကျစွာ မှန်ကန်စွာ ရှင်းလင်းမပြနိုင်ကြတော့ချေ ။
    ထိုသူတို့ကပင် ငါဘုရားအား လောကကြီး မည်သို့မည်ပုံစတင်ဖြစ်ပေါ်လာကြောင်းကို ပြန်လည်၍ မေးမြန်ကြရကုန်ဘိ၏။ ထိုအခါ ငါဘုရားကသာ ယင်းတို့အား ကမ္ဘာကြီးမည်သို့မည်ပုံ စတင်ဖြစ်ပေါ်လာသည်ကို ဟောပြတော်မူခဲ့ရဖူး၏။
       အရာအားလုံးသည် အနိစ္စသဘောသာဖြစ်သောကြောင့် ကာလကြာညောင်းလတ်သော် ဤလောကသည် ပျက်ရမည့်အခြေနေသို့ ရောက်ရှိလာလေသည်။ ထိုအခါမျိုး၌ ကမ္ဘာမပျက်မီ အနှစ်တစ်သိန်းအလိုမှာ အထက်နတ်ပြည်က ကာမာဝစရနတ်တွေ ဆင်းလာပြီး ခန္ဓာကိုယ်၌ နီမြန်းဟောင်းနွမ်းသောအဝတ်များကို ဝတ်ဆင်၊ ခေါင်း၌ညှိုးနွမ်းသောပန်းကို ပန်ဆင်၊ လည်ပင်း၌ ပုလဲသွယ်ဆွဲ၊ မျက်ရည်ထွေထွေစီးကျလျက် လက်တစ်ဖက်က ပုလဲသွယ်ကို ကိုင် တစ်ဖက်က မျက်ရည်တွေသုတ်ပြီး ကမ္ဘာကြီးပျက်စီးတော့မည်ဖြစ်ကြောင်း အသိပေးကြွေးကြော်ကြကုန်၏၊ ထိုသတင်းစကားကိုကြားကြရကုန်၍ လူအပေါင်းသည် မေတ္တာကမ္မဋ္ဌာန်းများစည်းဖြန်းကြရာမှအပ္ပနာဈာန်သမာပတ်သို့တိုင် ရောက်ကြ၍  သေလွန်သည့်အခါမှာ များသောအားဖြင့် အာဘဿရဗြဟ္မာ့ဘုံ၌ ဖြစ်ကြကုန်၏၊ ထိုသူတို့သည် ထိုဘုံ၌ ဈာန်စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း 'ပီတိ' လျှင် အစာရှိကုန်၏၊ မိမိတို့ ကိုယ်ရောင်ဖြင့် လင်းလျက် ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာ ရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။
ကမ္ဘာပျက်ပြီးသည်မှနောက်၌ ကာလကြာသော် ဤလောကသည် ဖြစ်တည်လာပြန်လေ၏၊  လောကဖြစ်လတ်သော် (သတ္တဝါမှ) ဆိတ်သော ဗြဟ္မာ့ဗိမာန်သည် ထင်ရှား ဖြစ်ပေါ်၏၊
        ထိုအခါ အာဘဿရဗြဟ္မာတစ်ဦးသည် အသက်ကုန်သောကြောင့်ဖြစ်စေ ကောင်းမှုကံကုန်သော ကြောင့်ဖြစ်စေ ထိုကမ္ဘာမပျက်ခင်ကရောက်သွားသော ဘုံမှ  သေခဲ့၍ (သတ္တဝါမှ) ဆိတ်သော ဗြဟ္မာ့ဗိမာန်၌ ဖြစ်ပေါ်၏၊
      ထိုသူသည် ထိုဘုံ၌ ဈာန်စိတ်ကြောင့်ဖြစ်၏၊ နှစ်သိမ့်ခြင်း 'ပီတိ' လျှင် အစာရှိ၏၊ မိမိကိုယ်ရောင်ဖြင့် လင်းလျက် ရှိ၏၊ ကောင်းကင်၌ ကျက်စား၏၊ တင့်တယ်သောနေရာရှိ၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်၏။
      ထိုဘုံ၌ ထိုသူသည် တစ်ယောက်ထီးတည်း ကာလရှည်စွာနေရသောကြောင့် မမွေ့လျော်သည် ဖြစ်၍ ''တစ်ပါးသော သတ္တဝါတို့လည်း ဤဘုံသို့ ရောက်လာဘိမူ ကောင်းလေစွ''ဟု တောင့်တ၏။
      ထိုတောင့်တမှုနှင့် တိုက်ဆိုင်စွာပင် တစ်ပါးသော သတ္တဝါတို့လည်း အသက်ကုန်သောကြောင့်ဖြစ်စေ ကောင်းမှုကံကုန်သောကြောင့် ဖြစ်စေ အာဘဿရဘုံမှ သေခဲ့ကုန်၍ ထိုသတ္တဝါ၏ အပေါင်းအဖော်အဖြစ်ဖြင့် ဗြဟ္မာ့ဘုံ၌ ဖြစ်ပေါ်ကုန်၏၊
     ထိုသူတို့သည်လည်း ထိုဘုံ၌ ဈာန် စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း 'ပီတိ'လျှင် အစာရှိကုန်၏၊ မိမိတို့ကိုယ်ရောင်ဖြင့် လင်းလျက် ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။
ထိုသို့ တိုက်ဆိုင်သော အခြေနေတစ်ရပ် ဖြစ်ပေါ်လာရာ၌ မူလရောက်နေနှင့်သော ဗြဟ္မာအား
         ''ငါသည် ဗြဟ္မာ ဖြစ်၏၊ မဟာဗြဟ္မာ ဖြစ်၏၊ လွှမ်းမိုးနိုင်သူ ဖြစ်၏၊ မည်သူကမျှ မလွှမ်း မိုးနိုင်သူ ဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူ ဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏၊ အစိုးရ သူ ဖြစ်၏၊ ပြုသူ ဖြစ်၏၊ ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ စီမံသူ ဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူ ဖြစ်၏၊့ဖြစ်ပြီး ဖြစ်ဆဲသော သတ္တဝါတို့၏ အဖ ဖြစ်၏၊ ဤသတ္တဝါတို့ကို ငါ ဖန်ဆင်းထား၏၊
        အဘယ်ကြောင့်ဆိုသော် 'တစ်ပါးသော သတ္တဝါတို့သည်လည်း ဤဘုံသို့ ရောက် လာဘိမူ ကောင်းလေစွ'ဟု ငါ့အား ရှေး၌ အကြံဖြစ်ခဲ့၏၊ ဤသို့ ငါ့အားလည်း တောင့်တခြင်း သည် ဖြစ်၏၊ ဤသတ္တဝါတို့သည်လည်း ဤဗြဟ္မာဘုံသို့ ရောက်လာကုန်၏''ဟု ထိုဗြဟ္မာကိုယ်တိုင်ရော အခြားနောက်ပေါက်ဗြဟ္မာများပါ ဈာန်စိတ်အကြောင်းကံကြောင့် ဗြဟ္မာ့ဘုံသို့ရောက်ရှိလာကြရခြင်းဟု နားလည်သဘောမပေါက်နိုင်တော့ပဲ ၊ ဖန်ဆင်းရှင်ဟူသော နိမ္မာန၀ါဒ၊ အစိုးရသူဟူသော ဣဿရ ၀ါဒများ ဖြစ်ပွားလာရလေတော့၏။
                                    ………………………………………..
        နောက်မှ ဖြစ်ပေါ်လာသော ထိုသတ္တဝါတို့အားလည်း
        ''ဤအသျှင်သည် ဗြဟ္မာ ဖြစ်၏၊ မဟာဗြဟ္မာ ဖြစ်၏၊ လွှမ်းမိုးနိုင်သူ ဖြစ်၏၊ မည်သူကမျှ မလွှမ်းမိုးနိုင်သူ ဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူ ဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏၊ အစိုးရသူ ဖြစ်၏၊ ပြုသူ ဖြစ်၏၊ ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ စီမံသူ ဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူ ဖြစ်၏၊ ဖြစ်ပြီး ဖြစ်ဆဲသော သတ္တဝါတို့၏ အဖ ဖြစ်၏၊ ငါတို့ကို ဤအသျှင်ဗြဟ္မာ ဖန်ဆင်းထား၏၊ အဘယ်ကြောင့်ဆိုသော် ဤဘုံ၌ ဤဗြဟ္မာကြီး ရှေးဦးစွာ ဖြစ်ပေါ် နေနှင့်သည်ကို ငါတို့ မြင်ရကုန်၏၊ ငါတို့သည်ကား နောက်မှ ဖြစ်ပေါ်လာကုန်၏''ဟု ရှေးမူလဗြဟ္မာကြီနည်းတူ အယူမှားကြပြန်လေသည်။
       ဖြစ်ပွားပြီးနောက် တဖန်ဆုတ်ယုတ်လာရသည့် ဓမ္မတာသဘောတရားအတိုင်း ထိုသတ္တဝါတို့တွင် ရှေးဦးစွာ ဖြစ်ပေါ်နှင့်သော ထိုသတ္တဝါသည် အသက်လည်း သာလွန်၍ ရှည်၏၊ အဆင်းလည်း သာလွန်၍ လှ၏၊ တန်ခိုးလည်း သာလွန်၍ ကြီး၏၊ နောက်မှ ဖြစ်ပေါ် လာကုန်သော သတ္တဝါတို့ကား (ရှေးဦးစွာ ဖြစ်ပေါ်နှင့်သော သတ္တဝါနှင့် နှိုင်းစာလျှင်) အသက်လည်း တိုကုန်၏၊ အဆင်းလည်း မလှကုန်၊ တန်ခိုးလည်း နည်းကုန်၏။
      ဤပုံဤနည်းဖြင့်ပင် လူသားတို့ ဖြစ်ပေါ်မလာခင်ပင်လျှင် ဗြဟ္မာ့ဘုံ၌ ဣဿရနိမ္မာန၀ါဒ နိယတမိစ္ဆာဒိဋ္ဌိ ၊ အယူမှားတို့သည် အမြစ်တွယ်ကြပြီး ဖြစ်လေ၏။
    တဖန် ထိုဗြဟ္မာ့ပြည်မှလည်း အသက်အားဖြင့် တိုကြကုန်သော နောက်ပေါက်ဗြဟ္မာအချို့သည် ထိုဘုံမှ စုတေခဲ့၍ ဤလူ့ဘုံသို့ ဥပပတ်ပဋိသန္ဓေဖြင့် လူအဖြစ်ဖြင့် ရောက်လာကြပြန်ရာ ထိုလူသားအတွင်းမှ တချို့သည် ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့ မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သော သဘောရှိသော စိတ်တည်ကြည်ခြင်း ကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် ရှေး၌နေဖူးသော ထို (ဗြဟ္မာ) ဘဝကို အောက်မေ့နိုင်၏၊ ထို့ထက်လွန်၍ မအောက်မေ့နိုင်။ ထိုသူသည် ဤသို့ ဆို၏ -
     ''အကြင် အသျှင်သည် ဗြဟ္မာ ဖြစ်၏၊ မဟာ ဗြဟ္မာ ဖြစ်၏၊ လွှမ်းမိုးနိုင်သူ ဖြစ်၏၊ မည်သူ ကမျှ မလွှမ်းမိုးနိုင်သူ ဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူ ဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏၊ အစိုးရသူ ဖြစ်၏၊ ပြုသူ ဖြစ်၏၊ ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ စီမံသူ ဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူ ဖြစ်၏၊ ဖြစ်ပြီး ဖြစ်ဆဲသော သတ္တဝါတို့၏ အဖ ဖြစ်၏၊ ငါတို့ကို ယင်း အသျှင်ဗြဟ္မာသည် ဖန်ဆင်းထား၏၊ ထိုဗြဟ္မာသည် (ဖြစ်ပေါ်ခြင်း မရှိမူ၍) မြဲ၏၊ (သေခြင်း မရှိမူ ၍) ခိုင်မြဲ၏၊ (ထာဝစဉ်ရှိနေ၍) တည်မြဲ၏၊ ဖောက်ပြန်ခြင်းသဘောမရှိ၊ ထို့ကြောင့် မြဲသောအရာ တို့နှင့်တူစွာ တည်မြဲတိုင်းပင် တည်လတ္တံ့၊ ထိုအသျှင်ဗြဟ္မာ ဖန်ဆင်းထားသော ငါတို့သည်ကား (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊ (သေခြင်းရှိ၍) မခိုင်ကုန်၊ (ထာဝစဉ်မရှိ၍) မတည်မြဲကုန်၊ အသက် တိုကုန်၏၊ သေခြင်းသဘောရှိကုန်၏၊ ထို့ကြောင့် ဤလူ့ဘုံသို့ ရောက်လာကုန်၏''ဟု သူသိမြင်ရသည့်အတိုင်း ပြန်လည်၍ဟောပြရာမှ ကမ္ဘာမြေကို ဗြဟ္မာကြီးကဖန်ဆင်းတော်မူသည်ဟူသော ဖန်ဆင်းရှင်ဝါဒကြီးလည်း ဖြစ်ပေါ်လာလေတော့၏။ ဤကမ္ဘာမြေအလုံးကို ပိုင်သသူဟူသော ဣဿရ၀ါဒကြီးလည်း ကြီးစိုးလာလေတော့၏။
     ထိုအကြောင်းအရာတို့ကို ငါဘုရားသည် သေချာကျနဟောပြတော်မူပြီးသောအခါ “သင်တို့၏ အယူအလိုအရ လူသားတို့၏အစပအထမသည် မဟာဗြဟ္မာကြီးကအစပြုသည် ဖန်ဆင်းသည်မဟုတ်ပါလော “ဟု မေးမြန်းရာ
     ''ငါ့သျှင်ဂေါတမ အသျှင်ဂေါတမဟောကြားသည့်အတိုင်း ငါတို့ ကြားဖူးကြပါကုန်၏''ဟု ထိုသူတို့ကလည်းဝန်ခံကြကုန်ဘိ၏။
                     ……………………………………………………
              ခိဍ္ဍာပဒေါသိကနတ်တို့မှ လူသားများအစပြုသည် ဟူသောအယူအဆဖြစ်ပေါ်လာပုံ
            ဘဂ္ဂဝ အဂ္ဂညကို ထိုသူတို့ပညတ်ကြခြင်း၏ နောက်ထပ်အကြောင်းတစ်မျိုးကား…..
         ခိဍ္ဍာပဒေါသိကနတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ဝါဒဖြစ်သော လောက၏အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။
         ငါသည်ထိုသူတို့အား ထိုသို့ဟောကြားရခြင်း၏အကြောင်းကိုမေးသော် အသေအချာရှင်းမပြနိုင်ကြပဲ ငါဘုရားအားသာ ပြန်လည်၍ ဟောပြကြရန် တောင်းပန်ကြကုန်၏။ ထိုအခါမှ ငါဘုရားက
         ခိဍ္ဍာပဒေါသိကနတ် မည်သော နတ်တို့သည် အလွန် ကြာမြင့်စွာ ကျီစယ်ပျော်ပါးလျက် နေကုန်၍ (စားသောက်ရန်) သတိမေ့သောကြောင့် ထိုနတ်ဘဝမှ စုတေ၍ အချို့မှာလူ့ပြည်သို့ရောက်ကြကုန်၏။
ထိုလူ့ဘောင်သို့ရောက်လာသူတို့မှ အချို့သည်လည်း  ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့ မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် ရှေး၌ နေဖူးသော ထို (နတ်) ဘဝကို အောက်မေ့နိုင်၏၊ ထို့ထက် လွန်၍ မအောက်မေ့နိုင်။  ထိုသမထဆရာကြီးတို့သည်
       ''အကြင် အသျှင် နတ်တို့သည် ခိဍ္ဍာပဒေါသိက၂ မဟုတ်ကုန်၊ ထိုနတ်တို့သည် အလွန်ကြာ မြင့်စွာ ကျီစယ်ပျော်ပါးလျက် မနေကုန်၍ (စားသောက်ရန်) သတိမမေ့သောကြောင့် ထိုနတ်ဘဝမှ မစုတေကုန်၊ (ဖြစ်ပေါ်ခြင်း မရှိ၍) မြဲကုန်၏၊ (သေခြင်း မရှိ၍) ခိုင်မြဲကုန်၏၊ ထာဝရကောင်းကင်ဘုံ၌ပင် တည်မြဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော မရှိကုန်၊ ထို့ကြောင့် မြဲသော အရာတို့နှင့် တူစွာ တည်မြဲ တိုင်းပင် တည်ကုန်လတ္တံ့။
       ခိဍ္ဍာပဒေါသိကဖြစ်သော ငါတို့သည်ကား အလွန်ကြာမြင့်စွာ ကျီစယ် ပျော်ပါးလျက် နေကုန်၍ (စားသောက်ရန်) သတိမေ့သောကြောင့် ထိုနတ်ဘဝမှ စုတေခဲ့ကုန်၏၊ (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊ (သေခြင်းရှိ၍) မခိုင်မြဲကုန်၊ (ထာဝစဉ်မရှိ၍) မတည်မြဲကုန်၊ အသက် တိုကုန်၏၊ သေခြင်းသဘောရှိကုန်၏၊ ထို့ကြောင့် ဤလူ့ဘုံသို့ ရောက်လာကုန်၏''ဟုဟောပြတော်မူ၍
     သင်တို့၏အယူအလိုအရ ကမ္ဘာလူသားတို့အစပထမသည်   ခိဍ္ဍာပဒေါသိကနတ်များမှ အစပြုသည်မဟုတ်လောဟု မေးမြန်းလေလျှင်
      ''ငါ့သျှင်ဂေါတမ အသျှင် ဂေါတမဟောကြားသည့်အတိုင်း ငါတို့ ကြားဖူးကြပါကုန်၏ဟု ၀န်ခံကြကုန်ဘိ၏။
………………………………………………………………
                  မနောပဒေါသိကနတ်တို့မှ လူသားများအစပြုသည်ဟူသော အယူဝါဒဖြစ်ပေါ်လာပုံ
       ဘဂ္ဂဝ နောက်တစ်မျိုးသော်ကား အချို့သော သမဏတို့သည်၎င်း သူတော်စင်ဟု သမုတ်အပ်သူတို့သည်၎င်း     မနောပဒေါသိကနတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်၏၊ ထိုသို့ဟောကြားရခြင်း၏ အကြောင်းရင်းအမှန်ကိုမေးမြန်းလတ်သော်ကား  မဖြေနိုင်ကြကုန်၍ ငါ့ကိုသာ ပြန်၍ မေးကြကုန်၏၊ ထိုအခါ ငါဘုရားက
      မနောပဒေါသိကနတ်တို့သည် အလွန်ကြာမြင့်စွာ အချင်းချင်း တစိန်းစိန်း ကြည့်ကုန်သဖြင့် အချင်းချင်း ဒေါသစိတ် ဖြစ်ကုန်၍ ကိုယ်စိတ်ပင်ပန်းသောကြောင့် ထိုနတ်ဘဝမှ စုတေကြရကာ အချို့မှာ လူ့ပြည်သို့ ကပ်ရောက်ကြကုန်ဘိ၏ ၊ထိုသူတို့တွင်လည်း အချို့သည် ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့ မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကိုရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် ရှေး၌ နေဖူးသော ထို (နတ်) ဘဝကို အောက်မေ့နိုင်၏၊ ထို့ထက်လွန် ၍ မအောက်မေ့နိုင်ကြကုန်။
      ထိုသူတို့သည်  ''အကြင် အသျှင် နတ်တို့သည် မနောပဒေါသိက မဟုတ်ကုန်၊ ထိုနတ်တို့သည် အလွန်ကြာ မြင့်စွာ အချင်းချင်း တစိန်းစိန်း မကြည့်ကုန်သဖြင့် အချင်းချင်း ဒေါသစိတ် မဖြစ်ကုန်၍ ကိုယ်စိတ် မပင်ပန်း ကုန်သောကြောင့် ထိုနတ်ဘဝမှ မစုတေကုန်၊ (ဖြစ်ပေါ်ခြင်းမရှိ၍) မြဲကုန်၏၊ (သေခြင်း မရှိ၍) ခိုင်မြဲကုန်၏၊ (ထာဝစဉ်ရှိနေ၍) တည်မြဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော မရှိကုန်၊ ထို့ ကြောင့် မြဲသောအရာတို့နှင့် တူစွာ တည်မြဲတိုင်းပင် တည်ကုန်လတ္တံ့။ မနောပဒေါသိကဖြစ်သော ငါတို့သည်ကား အလွန်ကြာမြင့်စွာ အချင်းချင်း တစိန်းစိန်း ကြည့်ကုန်သဖြင့် အချင်းချင်း ဒေါသ စိတ်ဖြစ်ကုန်၍ ကိုယ်စိတ်၏ ပင်ပန်းသောကြောင့် ထိုနတ်ဘဝမှ စုတေကုန်၏၊ (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊ (သေခြင်းရှိ၍) မခိုင်မြဲကုန်၊ (ထာဝစဉ်မရှိ၍) မတည်မြဲကုန်၊ အသက်တိုကုန်၏၊ သေခြင်း သဘော ရှိကုန်၏၊ ထို့ကြောင့် ဤလူ့ဘုံသို့ ရောက်လာကုန်၏''ဟု လောက၏အစသည် မနောပဒေါသိက မည်သော နတ်ပြည်(ကောင်းကင်ဘုံ)မှသာဖြစ်ကြောင်း ထိုနတ်ပြည်မှပင် လောကကြီးအစပြု၍ ဖြစ်ပေါ်ရကြောင်း ပညတ်ကြကုန်၏။
ဤသို့ ရှင်းလင်းဟောပြ၍ ယင်းတို့အား ထိုအတိုင်းပင် ဟုတ်မဟုတ် မေးမြန်းလတ်သော်
''ငါ့သျှင်ဂေါတမ အသျှင်ဂေါတ မဟောကြားသည့်အတိုင်း ငါတို့ ကြားဖူးကြပါကုန်၏''ဟု ၀န်ခံကြကုန်ဘိ၏၊
                           အဟေတုက၀ါဒ ဖြစ်ပေါ်လာရခြင်း အကြောင်းရင်း
   ဘဂ္ဂဝ သည်သာမကသေး တချို့သမဏဗြဟ္မဏတို့သည် လောကကို အကြောင်းမဲ့သာဖြစ်လာသည်ဟူသော အဂ္ဂညတရားကို အစဉ်အဆက် ယူဆကြကုန်ဘိသေး၏။ ယင်းသို့ယူဆရခြင်း အကြောင်းရင်းကိုမေးရာ၌ကာ သေချပြောမပြနိုင်ပဲ ငါဘုရားအားသာလျှင် ပြန်လည်မေးမြန်းကြကုန်ဘိ၏။ ထိုအခါ ငါဘုရားက
         အသညသတ်မည်သော ဗြဟ္မာတို့သည် ရှိကုန်၏၊ ထိုဗြဟ္မာတို့သည် ပဋိသန္ဓေသညာ ဖြစ်ပေါ်ခြင်းကြောင့် ထိုဗြဟ္မာ့ဘုံမှ စုတေကာ လူ့ပြည်၌ ဖြစ်လာကြပြီး အချို့သူတို့သည်
ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့ မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် ပဋိသန္ဓေသညာဖြစ်ပေါ်ခြင်းကို အောက်မေ့နိုင်၏၊ ထို့ထက်အလွန် မအောက်မေ့နိုင်။ ထိုသူတို့သည်လည်း မိမိတို့ သိရမြင်ရသည့်အတိုင်းသာ လောကကြီးသည် အကြောင်းမဲ့သာ ဖြစ်ပေါ်လာရသည်ဟု ဟောပြကြကုန်ဘိ၏။ ဟုဟောပြတော်မူ၍ ဟုတ်မဟုတ် မှန်မမှန်ကိုမေးမြန်းရာ
        ''ငါ့သျှင် ဂေါတမ အသျှင်ဂေါတမဟောကြားသည့်အတိုင်း ငါတို့ ကြားဖူးကြပါကုန်၏''ဟု ၀န်ခံကြလေသည်။
         ထိုအကြောင်းတို့ကြောင့် ဘဂ္ဂဝ ….ငါသည် လောက၏အစဟု သိအပ်သော အဂ္ဂညတရားကိုလည်း သိ၏၊ ထို့ထက်လွန်မြတ်သော တရားကိုလည်း သိ၏၊ သို့သော်လည်း ထိုအဂ္ဂညကိုထုတ်ဖော်ပြောဆိုနေကြသူများကဲ့သို့ လွဲမှားသောအားဖြင့်မသုံးသပ်၊ မှားသောအားဖြင့် မသုံးသပ်သောကြောင့် ငါသည် မိမိ၌ ကိလေသာငြိမ်းခြင်းကို ကိုယ်တိုင်သာ လျှင် သိ၏၊ ယင်းသို့သိသောကြောင့် ငါဘုရားသည် ဆင်းရဲခြင်းသို့ မရောက်ပေ”ဟု သေချာကျန လူသားတို့၏ အဦးအစအဂ္ဂညတရားအမျိုးမျိုးကိုရော ယင်းသို့ဖြစ်ပေါ်ယူဆရခြင်း အကြောင်းတို့ကိုပါ တိကျစွာ ဟောပြလိုက်သောအခါ
       ဘဂ္ဂ၀သည် မြတ်စွာဘုရားသည် အဂ္ဂညတရားကို၎င်း ထို့ထက်ပိုလွန်၍၄င်း သိစွမ်းနိုင်ပေသည် ၊အခြားသူများနှင့် မနှိုင်းစကောင်းသော အတုမရှိသဗ္ဗညူရှင်ဖြစ်ကြောင်းကို ကောင်းစွာသဘောပေါက်သွားပြီး သံသယကင်းရှင်းသွားလေတော့သတည်း ။
                                     …………………………………………
                                  ဗုဒ္ဓ၀ါဒသည် အဆိုးမြင်သက်သက်မဟုတ်ချေ
           ဘဂ္ဂဝ ဤသို့ဆိုလေ့ရှိသော ဤသို့ဟောလေ့ရှိသော ငါ့ကို အချို့သော သမဏဗြာဟ္မဏတို့သည် ထင်ရှားမရှိသော အချည်းနှီးသော ချွတ်လွဲသော မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲကုန်၏၊
           ''ရဟန်းဂေါတမသည် ဖောက်ပြန်သော သညာရှိ၏၊ ရဟန်းတို့သည်လည်း ဖောက်ပြန်သော သညာရှိကုန်၏၊ ရဟန်းဂေါတမသည် 'တင့်တယ်သည်ဟု ဆိုအပ်သော ဝိမောက္ခဈာန်ကို ဝင်စား၍ နေသောအခါ အလုံး စုံ (တင့်တယ် မတင့်တယ်သော အာရုံ) ကို မတင့်တယ် 'ဟုသာ သိမှတ်၏ဟူ၍ ဟော၏''ဟု စွပ်စွဲကြကုန်၏”
“ဘဂ္ဂဝ ''တင့်တယ်သည်ဟု ဆိုအပ်သော ဝိမောက္ခဈာန်ကို ဝင်စား၍ နေသောအခါ အလုံးစုံ (တင့် တယ် မတင့်တယ်သော အာရုံ) ကို မတင့်တယ်ဟုသာ သိမှတ်၏''ဟု ဤသို့ ငါဘုရား မဟောချေ “
      “ဘဂ္ဂဝ စင်စစ်သော်ကား ''တင့်တယ် သည်ဟု ဆိုအပ်သော ဝိမောက္ခဈာန်ကို ဝင်စား၍ နေသောအခါ တင့်တယ်၏ ဟူ၍သာ သိမှတ်၏''ဟုသာ ငါဟော၏ “ဟု မြတ်စွာဘုရားရှင်သည် တင့်တယ်သည်ကို တင့်တယ်သောအဖြစ်ဖြင့် အမှန်အတိုင်းပင် ရှုမြင်သုံးသပ်တော်မူကြောင်း ၊ မတင့်တယ်သောအရာကိုလည်း မတင့်တယ်သည့်သဘောမှန်အတိုင်းပင် ရှုမြင်သုံးသပ်ကြောင်း ၊ သို့ဖြစ်ပါလျှက်
      “ဗုဒ္ဓ၏အယူဝါဒသည် သုဘရော အသုဘပါ အသုဘအဖြစ်ဖြင့်ပင် သုံးသပ်ရှုပွားရသော အဆိုးမြင်ဝါဒတစ်ခုသာဖြစ်ချေသည်”ဟု ထင်မြင်ယူဆထားသည့်အတိုင်း တရားသေဆုံးဖြတ်ခြင်းသည် မြတ်စွာဘုရားရှင်အား မုသာဝါဒဖြင့်စွပ်စွဲခြင်းပင်ဖြစ်ကြောင်း ထပ်မံရှင်းလင်းမိန့်ကြားတော်မူလိုက်လေသည်။
ကောက်ကျစ်တတ်တဲ့ ညဉ်ဆိုးကြောင့်
      ထိုအခါ ဘဂ္ဂ၀ပရိဗိုဇ်က မြတ်စွာဘုရားအား “အရှင်ဘုရားကို၎င်း ၊အရှင်ဘုရား၏တပည့်သား ရဟန်းများကို၎င်း  ဖောက်ပြန်သောအားဖြင့် စွပ်စွဲကြသော ထိုသူတို့သာ ဖောက်ပြန်ကုန်၏။
       မြတ်စွာဘုရား မြတ်စွာဘုရား၌ အကျွန်ုပ်သည် ဤသို့ ကြည်ညိုပါ၏ ''အကျွန်ုပ်သည် တင့်တယ်သည်ဟု ဆိုအပ်သော ဝိမောက္ခဈာန်ကို ဝင်စား၍ နေနိုင်သည့် တိုင်အောင် မြတ်စွာဘုရားသည် အကျွန်ုပ်အား တရားဟောရန် စွမ်းနိုင်ပါ၏''ဟုလျှောက်ထားလေသည်။
       သုနက္ခတ္တ၏ဖြစ်ကြောင်းကုန်စင်ကို အကြောင်းအထုပ္ပတ်နှင့်တကွ ရှည်လျားလှစွာ ဟောကြားပါသော်လည်း မြတ်စွာဘုရားရှင်အား ကြည်ညိုလေးစားသွားပေမယ့် သာသနာ့ဘောင်ဝင်၍ ရဟန်းပြုခြင်းငှါမစွမ်းနိုင်ချေ ။ သို့သော် သူ့စိတ်အကြံ၌ ပဋိပတ်ကျင့်သောရဟန်းတော်များကဲ့သို့ မိမိ၌ ၀ိမောက္ခဈာန်တရား ထင်ရှားမရှိပါပဲလျှက် စဉ်းလဲလိုသောစိတ်ထားဖြင့် တရားနာရင်း ၀ိမောက္ခဈာန်တိုင်အောင် တရားထူးရသွားဘိသကဲ့သို့ လျှောက်ထားလိုက်ခြင်းဖြစ်၏။
       ထိုအကြောင်းကို သိတော်မူသောကြောင့် မြတ်စွာဘုရားက
        “ ဘဂ္ဂဝ အယူတစ်မျိုး အလိုတစ်မျိုး အကြိုက်တစ်မျိုး အားထုတ်မှုတစ်မျိုး ဆရာတစ်မျိုးရှိသော သင်သည် တင့်တယ်သည်ဟု ဆိုအပ်သော ထိုဝိမောက္ခဈာန်ကို ဝင်စား၍ နေရန် ခဲယဉ်း၏။ ဘဂ္ဂဝ ငါ့တိုက်တွန်း၏၊ သင်သည် ငါ၌ ကြည်ညိုခြင်းကိုသာ ကောင်းစွာ စောင့်ထိန်းလော့”ထပ်မံ ဆုံးမတော်မူရပြန်လေသည်။
ထိုအခါမှ မှန်ပါဘုရား  အယူတစ်မျိုး အလိုတစ်မျိုး အကြိုက်တစ်မျိုး အားထုတ်မှုတစ်မျိုး ဆရာတစ်မျိုး ရှိသော အကျွန်ုပ်သည် တင့်တယ်သည်ဟု ဆိုအပ်သော ထိုဝိမောက္ခဈာန်ကို ဝင်စား၍ နေရန် အကယ်၍ ခဲယဉ်းပါလျှင် မြတ်စွာဘုရား၌ အကျွန်ုပ်၏ ကြည်ညိုခြင်းကိုသာ အကျွန်ုပ် ကောင်းစွာ စောင့်ထိန်းပါအံ့”ပြင်၍ လျှောက်ထားလိုက်လေ၏။ ထိုခါမှ မြတ်ဗုဒ္ဓသည်လည်း ဘဂ္ဂ၀ပရိဗိုဇ်၏အရံမှ ထွက်တော်မူကာ အနုပိယ နိဂုံးသို့ ဆွမ်းခံဝင်တော်မူလေ၏
     ဘဂ္ဂ၀သည် ထိုမျှ ရှည်လျားလှသော သုတ္တာန်ကြီးကို နာယူရပါလျှက် ကိလေသာကုန်ခြင်းကိုပြုခြင်းငှါ မစွမ်းနိုငိခဲ့ချေ ၊ သို့သော် နောင်အခါ ကျင့်ကြံကြိုးကုတ်အားထုတ်ပြီး ကိလေသာကုန်ဖို့ အထုံဝါသနာတော့ ရရှိကိန်းအောင်းသွားလေတော့သတည်း ။     ( အထက်ပါ သုနက္ခတ္တရဟန်းအကြောင်းကို ဒီဃနိကာယ် ပါထိက၀ဂ် ပါဠိ အဋ္ဌကထာများနှင့် တိုက်ဆိုင်လေ့လာနိုင်ကြပါသည်)
                          ( သုနက္ခတ္တလိစ္ဆ၀ီ နှင့် သူ၏ငယ်သူငယ်ချင်းတို့ဖြစ်ရပ် ဤတွင်တစ်ခန်းရပ် အပြီးသတ်သတည်း)
                                                                           အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
                                                                                          အရှင်ဝိမလာလင်္ကာရ-မုံရွာ
World Religion Map
No comments:
Post a Comment